မော်လမြိုင်၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် မွန်အမျိုးသား ပညာရေး ရေရှည်တည်တံ့ ဖွံဖြိုး တိုးတက် ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ လိုအပ်သည့် အချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုဝင်ဘာလ ၁၂ နေ့က မော်လမြိုင်မြို့တွင် မွန်အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် မွန်အမျိုးသား ပညာရေးကော်မတီ

အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်အမျိုးသား ပညာရေးကော်မတီမှ ရေးဆွဲထားသော မူဝါဒများမှ ဘာသာစကားသင်ကြားရေးမူဝါဒ၊ ရွှေ့ပြောင်းကလေးများပညာရေး( ပြည်တွင်း ပြည်ပ)ဆိုင်ရာမူဝါဒ၊ သက်လွန်ကလေးများ ပညာရေးဆိုင်ရာ မူဝါဒ၊ ကျောင်းပြင်ပ ပညာရေးုဆိုင်ရာ မူဝါဒ စသည့် ၁၇ ချက်ပါ ပညာရေးဆိုင်ရာ မူဝါဒများကို ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျင်းပပြုလုပ်မည့် မွန်အမျိုးသား ပညာရေး နှီးနှောပွဲတွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ပြည်နယ်မှာ မိခင်ဘာသာစကား အခြေပြုကို သင်ကြားခွင့် ပေးထားတာ အားမရဘူး။ ဘာလို့လဲဆိုတော့ မွန်ဘာသာစကားကို ဘာသာရပ်တစ်ရပ်အနေနဲ့ ကျောင်းချိန်မှာ သင်ကြားခွင့် မရသေးဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ပညာရေးစနစ်နဲ့ လိုက်ရော ညီထွေမှုရှိတဲ့ သင်ရိုးကို ကျွန်တော်တို့ ရေးထားပြီးပြီ။ အစိုး ရနဲ့ ပူးပေါင်းဆောင်ရွက်မလို့ လိုအပ်တဲ့ အချက်တွေကို အရပ်ဘက် အဖွဲ့အစည်းတွေက ထောက်ပြဖို့အတွက် ကျွန်တော်တို့ အခုလို တွေ့ဆုံရတယ် ဖြစ်တယ်“ ဟု မွန်အမျိုးသား ပညာရေးကော်မတီမှ ဆရာမင်းအောင်ဇေ ကပြောသည်။

၂၀၁၆- ၂၀၁၇ ပညာသင်နှစ်မှစ၍ တိုင်းရင်းသားစာပေ သင်ကြားသည့် အစိုးရစာသင်ကျောင်းများတွင် ကျောင်းချိန်ပြင်ပတွင် မွန်စာ သင်ရိုးညွှန်းတမ်း အသစ်ဖြင့် သင်ကြားသော်လည်း ၅၀ ရာခိုင်နှုန်းသာ အောင်မြင် မှု ရှိသေးကြောင်း ဆရာမင်းအောင်ဇေက ဆိုသည်။

မွန်စာသင်ရိုးညွှန်းတမ်းအသစ်ကို မော်လမြိုင်တက္ကသိုလ်၊ ပညာရေးကောလိပ်၊ အခြေခံပညာဌာန၊ မွန်စာတက်သည့် အငြိမ်းစား ဆရာ၊ ဆရာမများ မွန်စာပေပညာရှင်များ သင်ရိုးညွှန်းတမ်းရေးဆွဲရေးပညာရှင် များဖြင့် ရေးဆွဲခဲ့ပြီး ဇွန် ၂၂ ရက်နေ့က သင်ရိုး ညွှန်းတမ်း စာအုပ်များကို ပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။

အစိုးရစာသင်ကျောင်းများတွင် မွန်စာကို စနစ်တကျ သင်ကြားနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရမှ ဦးဆောင်ကာ UNICEF ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၅ ခုနှစ်က မွန်စာသင်ရိုးညွှန်းတမ်းအသစ်ကို စတင် ရေးဆွဲခဲ့ ကာ ယခုနှစ်တွင် ထို့သင်ရိုးညွန်းတမ်းအသစ် ပြီးစီးခဲ့သည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.