ရေး ၊ စက်တင်ဘာ ၂၇

ရေးမြို့အတွင်း ကလေးသူခိုးများနှင့် ဖောက်ထွင်းခိုးယူမှုများ သိသိသာသာများပြားလာသဖြင့် ထိုက် သင့်သည့် အရေးယူဖမ်းဆီးမှုများ ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရေးဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

“ ဖောက်ထွင်းခိုးယူမှုနဲ့ ကလေးသူခိုးတွေနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေက ၂၀၁၅ ကနေစပြီးတော့ ရေးမှာ သိသိသာသာတိုးပွားလာတယ်၊ ဖြစ်တဲ့ကလေးတွေအများစုကလည်း ဒေသခံတွေမဟုတ်ပဲနဲ့ ရွှေ့ပြောင်း လုပ်သားတွေရဲ့ မိသားစုဝင်ကလေးတွေကများတယ်၊ အဓိကကတော့ ဆင်းရဲမွဲတေတာရယ် နောက်ပြီးတော့ မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်တာရယ်တွေကြောင့်လို့ ယူဆတယ် ” ဟု ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

ကလေးဥပဒေအရ ချုပ်နှောင်ခြင်းမပြုရသည့်အခြေအနေများရှိနေသော်လည်း ပိုမိုရဲတင်းလာသည့် သဘောဆောင်လာသည့်အတွက် မဖြစ်မနေအရေးယူဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ဒီကလေးသူခိုးတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်း သီးခြားအစီစဉ်တွေနဲ့ ဥပမာ ကလေးဥပဒေအရ ချုပ်နှောင်ခြင်းမပြုရတဲ့အခြေအနေများစတဲ့အချက်တွေရှိတဲ့အတွက် တရားဝင်အမှုဖွင့် ဆောင်ရွက်တာမရှိသလောက်ဖြစ်နေတယ်၊ ပြည်သူတွေက ဖမ်းဆီးအပ်နှံရင်လဲ ညှိနှိုင်းဆောင်ရွက်ပေးတာ၊ မသိလိုက်မသိဘာသာ ဆုံးမပြန်လွှတ်တဲ့ပုံစံတွေ၊ အာမခံပေးလွှတ်ထားတဲ့ပုံစံတွေနဲ့ လုပ်ဆောင်နေတယ်၊ အဓိကကတော့ အလုပ်ရှုပ်မခံချင်တာ၊ တာဝန်မကျေတာပေါဗျာ၊ ကျွန်တော်တို့ ပြည်သူလူထုစိတ်ကျတော့လဲ ကလေးဆိုတဲ့ ညှာတာသနားမိတဲ့စိတ်တွေနဲ့ ရဲစခန်းကိုမရောက်ပဲ ခွင့်လွှတ်ပြီး ပြန်လွှတ်လိုက်တဲ့ဖြစ်စဉ်တွေလဲ အများကြီးရှိနေတယ်။ ဒါတွေက ခိုးမှုဖြစ်စဉ်တွေမှာ ခိုးတဲ့ကလေးတွေကို ပိုမိုရဲတင်းလာတဲ့သဘောဖြစ်လာ တယ်၊ အဲဒီအပေါ်မှာ ကလေးတွေကို ပြစ်မှုကျူးလွန်အောင် အသုံးချစေခိုင်းခံရတာတွေ ရှိလာနိုင်တယ်။ ဘယ် လိုပဲဖြစ်ဖြစ် တရားဥပဒေမှာ ကလေးသူငယ်တွေနဲ့ပတ်သက်တဲ့ သီးခြားဥပဒေတွေရှိပြီးသားပဲ၊သူတို့ကျူးလွန်တဲ့ ပြစ်မှုနဲ့ လိုက်လျောညီထွေတဲ့ အရေးယူဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ မဖြစ်မနေ အရေးယူ ဖို့ဆောင်ရွက်ပေးရမှာပဲ၊ ဒါမှ ပြစ်မှုကျူးလွန်ရင် ပြစ်ဒဏ်ခံရမယ်ဆိုတဲ့အသိနဲ့အတူ ခိုးမှုဖြစ်စဉ်တွေ လျော့ပါး သွားမှာပါ ” ဟု ဦးအောင်နိုင်ဝင်းကဆိုသည်။

ရေးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမင်းဆွေက “ဖုန်းတွေခိုးတာနဲ့ပတ်သက်ပြီးတော့ အမှုဖွင့်ထားတာ ရှိ တယ်၊ သူ့မိဘတွေက အာမခံတောင်းလို့ အာမခံနဲ့ပြန်ထုတ်တားတယ်၊ လောလောဆယ် အမှုတည်ဆောက်တာ မပြီးသေးလို့ တရားမစွဲနိုင်သေးပါဘူး၊ ဖြစ်စဉ်ကတော့ တစ်ခုပဲရှိပါသေးတယ် ” ဟု ဖမ်းဆီးအရေးယူဆောင်ရွက် မှုအခြေအနေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်သို့ ပြောသည်။

“ ဖုန်းဆိုင်တွေအတော်များများထိတယ်၊ အခြားဆိုင်တွေဆီက ဖုန်းတွေကိုလည်း လစ်ရင်လစ်သလို ခိုးနေကြတယ်၊ ဖောက်ထွင်းခိုးယူမှုလည်းရှိနေတယ်၊ ကွမ်းသီးကအစ ငွေအဆုံး ရတာတွေခိုးနေတာကို ခုတ လော ခပ်စိတ်စိတ်ကြားလာရပါတယ်၊ အချို့ကလည်း မတိုင်ကြဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအနေဖြင့် တိုင်တန်းချက်များရှိလာပါက အရေးယူဆောင်ရွက်ပေးလျက်ရှိနေပြီး လှည့်ကင်းများတိုးမြှင့်လှည့်လည်ဆောင်ရွက်နေကာ ညအချိန်အချိန်မတော်သွားလာလျက်ရှိနေသည့် အိမ်မဲ့ရာ မဲ့ကလေးများအား ဂရုတစိုက်စစ်ဆေးမေးမြန်းခြင်းများဆောင်ရွက်ရန် တပ်ဖွဲွ့ဝင်များကို မှာကြားထားကြောင်း လည်း သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.