တွေ့ဆုံမေးမြန်းသူ – ရဲနိုင်ဦး

မေး – အန်ကယ်လ်ရဲ့အမည်နဲ့ လက်ဝှေ့လောကမှာ ဘယ်လိုအခန်းကဏ္ဍကနေ တာဝန်ယူ ဆောင်ရွက်နေတဲ့အပိုင်းလေးသိပါရစေ။
ဖြေ – ဦးစိုင်းဇော်ဇော်ပါ။ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှာ အမှုဆောင်ပါ။ နိုင်ငံတကာပြိုင်ပွဲ ကျင်းပရေးတာဝန်ယူထားပါတယ်။ မိတ်ဆွေဖြစ်သူ ဦးဋ္ဌေးဝင်းနဲ့တွဲပြီး H&S Group တည်ထောင်ပြီး တော့ နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွေ၊ ပြည်တွင်းပွဲတွေ၊ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲတွေ ကျင်းပ ပေးခဲ့တာ ၁၀ နှစ်ကျော်ပါပြီ။ ဇော်ပစ်တိုင်းထောင်ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးပိုင်ရှင်ပါ။ မြန်မာ့ရိုးရာ လက်ဝှေ့သီးသန့် ဗီဒီယို၊ ဗွီစီဒီ၊ ဒီဗီဒီတွေကို အဓိကဖြန့်ချိနေပါတယ်။

u-sai-sai-zaw

မေး – မြန်မာ့လက်ဝှေ့တိုးတက်ရေးအတွက် အန်ကယ်အနေနဲ့ဆောင်ရွက်ခဲ့တာတွေ၊ ဆောင်ရွက် နေဆဲတွေ သိပါရစေ။
ဖြေ – ပြောမယ်ဆိုရင်တော့ ၁၉၉၀ နှစ်လောက်ကစပြီးတော့ ဒီလောကကိုရောက်တာပေါ့၊ ၁၉၉၁ ခုနှစ်မှာ ရွှေဓူဝံနှင့် ရွှေဝါထွန်းတို့ပထမဆုံးစိန်ခေါ်ထိုးတဲ့ပွဲလေးကို အသည်းကောင်းလို့ ပွဲတောင်းသူ များဆိုပြီး စပြီးဖြန့်ချိရင်း ဒီလောကကိုစရောက်တာ၊ လက်ဝှေ့တိုးတက်ရေးဆိုတာကတော့ ကျွဲကူး ရေပါပေါ့နော်။ တဖက်ကဝါသနာအရလုပ်ရင်း တစ်ဖက်ကစီးပွားရေးလို့လဲပြောလို့မရဘူး၊ ဒီလုပ်ငန်းက စီးပွားရေးအရ သိပ်မကောင်းဘူး၊ အရင်တုန်းက ဖြန့်ချိရေးကတော့ မဆိုးဘူးပေါ့။ အကျိုးအမြတ် ရှိတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီးတော့ ခိုးကူးခွေတွေများလာတယ်။ အရင်က လက်ဝှေ့ခွေတွေဖြန့်ချိတဲ့ကုမ္ပဏီက ၅ ခု ၆ ခုလောက်ရှိတယ်၊ ခုဆိုရင် အကုန်လုံးက ရပ်သွားပြီ၊ ကျွန်တော်တစ်ဦးတည်းပဲကျန်တော့တယ်။ ကျွန်တော်အနေနဲ့အကျိုးအမြတ်မရှိပဲနဲ့ဖြန့်ပေးနေတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေကြားထဲမှာ ပျောက်သွားမှာစိုးလို့ အရှုံးခံပြီးတော့ ဖြန့်ပေးနေတာပါ။ နောက် ၁၉၉၉ တုန်းက ရန်ကုန်တိုင်းရိုးရာလက်ဝှေ့ဆပ်ကော်မတီ ဥက္ကဋ္ဌအဖြစ် ၄ နှစ်လုပ်ပေးခဲ့တယ်။ နောက်ပိုင်းတော့ အဖွဲ့ချုပ်အလုပ်အမှုဆောင်ပေါ့၊ Sea Game မှာလဲ အဖွဲ့ချုပ်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးတော့ Sea Game ပြီးတော့မှ အဖွဲ့ချုပ်အလုပ်အမှုဆောင်ပြန်လုပ်ပါတယ်။ ခု ပရိုဖက် ရှင်နယ် ဆိုဒ်ဘက်ကို ကူးလိုက်တယ်။ ဒီကြားထဲမှာတော့ လက်ဝှေ့နဲ့ပတ်သက်လို့ တစ်ဖက်က ပွဲစီစဉ် တာတွေလုပ်ရင်း လူမှုရေးလုပ်ငန်းတွေမှာ တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပါတယ်။

မေး – ယနေ့မြန်မာ့ရိုးရာလက်ဝှေ့က နိုင်ငံတကာအဆင့်အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်မှုရနေပါပြီလဲ။
ဖြေ – ရိုးရာလက်ဝှေ့အနေနဲ့ကတော့ နိုင်ငံတကာကိုစပြီးသွားခဲ့တာ ၁၉၉၅ ခုနှစ်လောက်မှာ အဖွဲ့ချုပ် ရဲ့ဒုဥက္ကဋ္ဌလဲဖြစ်၊ 30 Club ရဲ့ ခေါင်းဆောင်လဲဖြစ်၊ လုံးချောတို့ရဲ့ဆရာလဲဖြစ်တဲ့ ဦးဝင်းဇင်ဦးက ဦးဆောင်ပြီး ၃ ယောက်က ဂျာမဏီကိုသွားပြီးတော့ထိုးတာပေါ့၊ ပထမဆုံးနိုင်ငံတကာစထွက်ခဲ့တာ ပေါ့၊ အဲဒီအချိန်မှာစပြီးတော့ နောက်ပိုင်းမှာက မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းနဲ့ ဂျပန်၊ သြစတေးလျ ထိုးခဲ့ကြတယ်။ သြစတေးလျဆို ၂ ကြိမ်၊ ဂျပန်ဆို ၃ ကြိမ်ရှိပြီပေါ့၊ မြန်မာလဲ ဂျပန်ကိုသွားတယ်၊ ဂျပန်ကလည်း မြန်မာကိုလာတယ်။ နောက်ပိုင်း စင်္ကာပူမှာဆိုလဲ ၃ ကြိမ်လောက်၊ ရုရှားမှာဆိုလဲ မြန်မာ့လက်ဝှေ့အဖွဲ့ဆိုတာရှိတယ်။ ခု မြန်မာ့ရိုးရာလက်ဝှေ့အနေနဲ့ နိုင်ငံတကာမှာ ၂၂ နိုင်ငံလောက် ကို ဖြန့်ထားတယ်။ ရိုးရာလက်ဝှေ့အနေနဲ့ပြောရမယ်ဆိုရင် ဂျပန်၊ သြစတေးလျ၊ စင်္ကာပူ၊ ထိုင်း၊ စပိန်၊ ဂျာမဏီ၊ စလိုဗက်ကီးယားအထိလဲ သွားထိုးခဲ့ဖူးတယ်။ အတိုင်းအတာတစ်ခုအထိတော့ လူတွေကြား ထဲပေါက်နေပြီ၊ နောက် အရှေ့ပိုင်းမှာ ဘယ်လိုအခက်အခဲကြုံခဲ့ရလဲဆိုတော့ ကျွန်တော်တို့ရဲ့ လက်ဝှေ့ထိုးသတ်နည်းက နည်းနည်းပြင်းထန်တယ်ပေါ့နော်၊ အသက်အန္တရာယ်ဖြစ်နိုင်တယ်၊ ခေါင်း ရိုက်ပါတယ်ဗျာ၊ လက်အိတ်မစွပ်ပဲထိုးတယ်ဆိုတော့ လူတွေရဲ့စိတ်ထဲမှာ ကြမ်းတဲ့သဘောလိုဖြစ်နေ တာပေါ့၊ တစ်ချို့ သိပ်လက်မခံချင်ဘူး၊ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ လက်ဝှေ့က ထူးခြားချက်ဖြစ်လာတယ်။ ခေါင်းရိုက်ပါတာ၊ လက်အိပ်မစွပ်တာလေးက ထူူးခြားချက် ဖြစ်တယ်။ အမှတ်ပေးမပါတာလေးက ထူးခြားချက်ဖြစ်တယ်။ ဘာလို့ဆိုတော့ သူက ရှင်းတယ်လေ။ အရည်အချင်းရှိတဲ့သူက မတ်တပ်ရပ် ကျန်ခဲ့မယ်။ အရည်အချင်းမရှိတဲ့သူက ရှုံးသွားမယ်။ တစ်ယောက်နဲ့တစ်ယောက်ထိုးလို့မနိုင်ဘူးဆိုရင် သရေဖြစ်သွားမယ်။ အမှတ်ပေးစနစ်မှာက နောက်မှာ ကြိုးကိုင်တာလေးက ရှိမှာလေ၊ အဖြေတွေက အမှားထွက်လာတယ်။ အဲ့လိုလေးရှိတော့ အတော်များ များ စိတ်ဝင်စားနေကြပြီ၊ အတိုင်းအတာလေတစ်ခုလောက်တော့ ရောက်နေပါပြီ။ ဒါပေမယ့်အများ ကြီးလိုပါသေးတယ်။ ကျွန်တော်တို့ပွဲတွေက နိုင်ငံတကာမှာရှိတဲ့ ရုပ်သံလိုင်းတွေကတဆင့် ပရိတ် သတ်တွေသိသွားမယ်ဆိုရင် ပိုသိလာမယ်ပေါ့၊

မေး – အန်ကယ့်အနေနဲ့ နိုင်ငံတကာလက်ဝှေ့သမားတွေနဲ့ ပြည်တွင်းလက်ဝှေ့သမားတွေထိုးသတ်ဖို့ စီစဉ်ပေးနေသူလို့လည်း သိရပါတယ်။ ဘယ်လိုသတ်မှတ်ရွေးချယ်ခေါ်ယူပါသလဲအန်ကယ်လ်။
ဖြေ – ဒီလိုပါ၊ အဲ့ဒါလဲ ကျွန်တော်တို့က အခက်အခဲတစ်ခုရှိတယ်။ ဘာလဲဆိုတော့ ဥပမာ ထိုင်းမှာပေါ့၊ သူတို့ဆီမှာက သုံးချီပဲထိုးတယ်။ ကျွန်တော်တို့ဆီမှာက ငါးချီထိုးရတယ်။ အဲဒီမှာ အချီကစကွာတာပေါ့၊ ပြီးတော့ တော်တော်များများက ထိုင်းဖိုက်မှာတောင်မှပဲ မွေထိုင်းသမားတွေတောင်မှပဲ လက်အိတ် ချွတ်မထိုးရဲတဲ့သူတွေရှိတယ်။ သူတို့မှာ နှစ်မျိုးခွဲထားတယ်။ မွေထိုင်းဆိုပြီးတော့လဲရှိတယ်၊ လက်အိတ် စွပ်ပြီးတော့ပေါ့၊ နောက်တစ်ခုက ကတ်ချက်ဆိုပြီးတော့ လက်မှာကြိုးလေးစည်းပြီးတော့ မြန်မာ့ လက်ဝှေ့နဲ့ဆင်တာပေါ့၊ အဲဒါမျိုးလေးတွေရှိတယ်၊ ကျွန်တော်တို့မှာက လက်အိတ်လဲချွတ်တယ်၊ ခေါင်း လဲတိုက်တယ်၊ အဲတော့ မြန်မာ့လက်ဝှေ့ကိုလာထိုးဖို့ခက်တယ်။ ရွံ့ကြတယ်။ ထိုးရဲလို့လာတဲ့အခါကျ တော့လဲ ဘာအခက်အခဲလာတွေ့လဲဆိုတော့ သူတို့ကဟိုမှာ အမှတ်ပေးစနစ်နဲ့ကစားတာ၊ ဆိုတော့ အေးအေးဆေးဆေးပဲ စလွှတ်ကတည်းက မွေထိုင်းနှဲကြီးနဲ့ ခပ်မှန်မှန်လေး ဝင်လိုက်ထွက်လိုက်အမှတ် ယူလိုက် ကစားတာပေါ့၊ ဒီက မြန်မာ့လက်ဝှေ့ရဲ့သဘောက အမှတ်ပေးစနစ်မရှိဘူး၊ သူထိ၊ ကိုယ်ထိ၊ ဆိုင်ထိုး၊ ပြိုင်ထိုးပေါ့နော်၊ ဒီတော့ လွှတ်တာနဲ့ ဗိန်းမောင်းနဲ့ ဝုန်းဝုန်းနဲ့ဝင်လိုက်တဲ့အခါကျတော့ တစ်ခါတလေ သူတို့ဘာလုပ်ရမှန်းမသိဘူး။ ဒါကတော့လည်း လူတိုင်းဖြစ်နိုင်ပါတယ်။ ထွန်းထွန်းမင်း က မြန်မာပြည်မှာတော့ ချန်ပီယံပဲ၊ ပြီးခဲ့တဲ့လက ဂျပန်မှာသူတစ်ခါမှမကစားဖူးတဲ့ဟာသွားကစားတော့ မိနစ်ပိုင်းလေးမှာ ရှုံးသွားတာပေါ့၊ သူမှမကျွမ်းကျင်တာကိုး၊ ဒီလိုပါပဲ တစ်ခါမှမထိုးဘူးပဲ မြန်မာ့လက်ဝှေ့ ကိုလာထိုးတော့ ဒါလေးကိုတွေ့တာပေါ့၊ ကျွန်တော့်တို့ ဒီကိုခေါ်လာတဲ့သူတွေက ဟိုမှာ ရွှေခါးပတ် ချန်ပီယံကြီးတွေပဲ၊ ပြီးခဲ့တဲ့ ဒီနှစ်ဆန်းမှာပဲ ရေးမြို့ရွှေဆံတော်ဘုရားပွဲမှာ စပိန်က စိုးလင်းဦးနဲ့ထိုးတဲ့ ကောင်လေးဆို ဟိုမှာ ရွှေခါးပတ် သုံးလေးခုလောက်ရထားတာ၊ နာမည်ကြီးပဲ၊ အက်တာလို့ခေါ်တာ ပေါ့၊ ဒါပေမယ့် ဒီမှာစိုးလင်းဦးနဲ့ထိုးတဲ့အခါကျတော့ စိုးလင်းဦးက ဝုန်းဝုန်းနဲ့ဝင်တော့ သူဘာလုပ်ရမှန်း မသိတော့ဘူး။ မခံနိုင်တော့ဘူး။ သူဟာ ဒီပွဲမထိုးခင်ကတည်းက စပိန်သတင်းစာမှာ သူ့အကြောင်းပါ တယ်၊ ထိုးပြီးတော့ ရှုံးလဲ သူ့အကြောင်းက သတင်းစာထဲမှာပါတယ်။ အဲလောက်ပါတယ်ဆိုကတည်း က သူ့ရဲ့အဆင့်ကို မှန်းလို့ရတယ်လေ။ နောက်တစ်ခုက ဘာလဲဆိုတော့ အချို့လက်ဝှေ့သမားတွေကကြေးတစ်အားကြီးတယ်။ ဒါပေမယ့် ကြေးကြီးပေမယ့်၊ ကြေးကြီးတိုင်းလဲ ပေးနိုင်တယ်ဆိုပေမယ့် သူတို့က မြန်မာ့လက်ဝှေ့မကစားရဲဘူး၊ ဒီကလူတွေက ဟိုက နာမည်ကြီးတွေဖြစ်တဲ့ ရိလုံ၊ အိကျူစံ အစရှိသူတို့နဲ့ ထိုးစေချင်တာပေါ့၊ ကျွန်တော်တို့လဲ ရအောင်ဖိတ်တယ်။ ဒါပေမယ့် ဥပမာ ရိလုံဆိုလို့ရှိ ရင် ပတ်ဖွန်နဲ့ နောက်လမှာထိုးမယ်။ သူ့ရဲ့ကြေးက မြန်မာငွေနဲ့ဆိုရင် သိန်းလေးငါးရာလောက်ရှိတယ်။ ဒါပေမယ့် ပေးမယ်ဆိုတော့ လာထိုးပါဆိုတော့ သူက ပတ်ဖွန်နဲ့ထိုးဖို့ညှိတာတောင်မှပဲ တံတောင်ရိုက်မ ပါဘူး၊ အချုပ်မပါဘူး၊ ကေဝမ်းနည်းစနစ်နဲ့ထိုးမှာ၊ ဆိုတော့ တံတောင်ရိုက်တာတောင်မပါဘူး၊ အချုပ် တောင်မပါဘူးဆိုတော့ အဲ့လိုလေးတော့ အခက်အခဲရှိတာပေါ့၊ ဒါပေမယ့် နောက်တစ်ချိန်မှာ ကျွန်တော်တို့လက်ဝှေ့ကို နိုင်ငံတကာဖိုက်တာတွေကြားထဲမှာ ပျံ့နှံ့သွားပြီးတော့ တဖြည်းဖြည်းထိုးတဲ့သူတွေ မြန်မာပြည်မှာပေါ်လာရင်းနဲ့ အချို့လည်း တစ်ခါထိုးပြီး လာမထိုးရဲတော့ဘူး၊ တစ်ချို့ ကလည်း တက်ထိုးရဲတယ်။ ခုချိန်ကတော့ လူရှာရတာခက်တယ်ပေါ့၊ လာထိုးတာတောင် လာထိုးရဲလို့ ကျေးဇူးတင်နေရဦးမယ်၊ ကြေးကတည်း ကျွန်တော်တို့ပေးတာမနည်းပါဘူး၊ ထွန်းထွန်းမင်းနဲ့ထိုးရင် ထွန်းထွန်းမင်းကြေး၊ တူးတူးနဲ့ထိုးမယ်ဆိုရင် တူးတူးကြေးပေါ့၊ ပွဲတွေမြန်မြန်သိမ်းသွားပေမယ့် မသိမ်း တဲ့ပွဲတွေလဲရှိခဲ့ပါတယ်။

မေး – ပရိတ်သတ်အချို့က ပြောပါတယ်။ မြန်မာလက်ဝှေ့သမားတွေက မာဂုဏ်ကိုအားပြုပြီးတော့ အနာခံပြီး ဇွတ်အတင်းဝင်ထိုးကြတာတွေရှိတယ်၊ နောက် အဲဒီလိုထိုးတဲ့အတွက်လည်း ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းနိုင်ဘူးလို့ဆိုကြတယ်၊ အဲဒီနည်းစနစ်နဲ့ပတ်သက်ပြီးတော့ အန်ကယ် အမြင်လေးသိပါစေ။
ဖြေ – ဒါကတော့ ကျွန်တော်တို့မြန်မာ့လက်ဝှေ့နဲ့ပြောမယ်ဆိုရင် မြန်မာ့လက်ဝှေ့ကတော့ သိတဲ့ အတိုင်းပဲလေ၊ အကြီးအသေးမရှောင် ပြီးဆေးမဆောင်၊ ဆိတ်ကလည်းဆင်ကိုထိုးချင်ရင် စိန်ခေါ် ရတယ်၊ တွေ့မရှောင်လိုဘော်ဒီနဲ့လဲ စောငမန်းကိုထိုးခဲ့ဖူးတယ်၊ ဖိုးကေကိုလည်း ထိုးခဲ့ဖူးတယ်။ ၁၀ ကီလိုလောက်အကွာ ထိုးခဲ့တယ်။ ဒါပေမယ့် ဒီလိုထိုးခဲ့တာတွေက ထိုးတုန်းကတော့ဘာမှမဖြစ်ဘူးပေါ့၊ ရေရှည်ကျလို့ရှိရင် အနာခံပြီးထိုးတဲ့အတွက် အတွင်းဒဏ်ရာတွေဖြစ်နိုင်တယ်ဆိုတာကတော့ လက်ခံပါတယ်။ ဒါပေမယ့် လက်ဝှေ့ရဲ့ သဘောသဘာဝဖြစ်နေတာပေါ့၊ ဆိုင်ထိုး၊ ပြိုင်ထိုးပေါ့၊ အဲလိုထိုးတော့ နိုင်ငံခြားကလူတွေက မြန်မာ့လက်ဝှေ့ကိုလာကြည့်လိုက်တာနဲ့ ကျန်တဲ့ပွဲတွေကို မကြိုက်တော့ဘူး၊ ဟိုကောင်တွေက လေးတယ်၊ တစ်လုံးထိုး တစ်လုံးထိုးနဲ့ ဒီမှာက လွှတ်တာနဲ့ ပွဲကမြန်နေတာပေါ့၊ သူတစ်ပြန်ကိုယ်တစ်ပြန်၊ သူထိ၊ ကိုယ်ထိပေါ့၊ လက်ဝှေ့ရဲ့သဘောသဘာဝက ဒီလိုပဲရှိတာဆိုတော့ ပြင်ဖို့တော့ခက်တယ်၊ ဒါပေမယ့် နိုင်ငံတကာကိုသွားမယ်ဆိုရင်တော့ ဒီလိုထိုးလို့ မရပြန်ဘူး၊ ဟိုဘက်ကိုသွားထိုးမယ်ဆိုရင် ကျွန်တေ်ာတို့က နည်းစနစ်ပြောင်းရမယ်။ ဘာလို့ဆိုတော့ အမှတ်ပေးယူထိုးတဲ့စနစ်ဖြစ်တဲ့အတွက် ဆိုင်ထိုးပြိုင်ထိုးလို့မရတော့ဘူး၊ ကိုယ့်ကိုထိလို့မရဘူး၊ သူ့ကိုပဲထိလို့ရမယ်ဆိုတော့ တစ်အားဝင်၊ တစ်အားဝုန်းလို့မရဘဲ တိုင်ပင်နဲ့ အမှတ်ယူပြီးတော့ တချက်ခြင်းတချက်ခြင်းပေါ့၊ ဒီကပွဲတွေက ဒဏ်ရာတွေရကြတယ်ဆိုတာကတော့ လက်ခံတယ်၊ နိုင်ငံတကာပွဲတွေမှာ ဒဏ်ရာနည်းတယ်ဆိုတာက သူတို့မှာ ဝိတ်ချင်းတိုက်ထိုးတယ်။ အားချင်းအတူတူ ပေါ့၊ ဝိတ်မတူရင် မထိုးဘူး။

မေး – မြန်မာလက်ဝှေ့မှာ အဆင့်အတန်းသတ်မှတ်ချက်လေးရှိသင့်ပါသလား၊ သူတို့ပြောတာက ဥပမာ ထွန်းထွန်းမင်းကို နိုင်အောင်ထိုးရင် မြန်မာပြည်ချန်ပီယံဖြစ်ပြီ။ သူ့လို တန်းတူလက်ဝှေ့သမားတွေမရှိ နေဘူး။ အောက်တန်းကလူက စိန်ခေါ်နိုင်စွမ်းရှိရင် မြန်မာပြည်ချန်ပီယံကို တက်ထိုးနိုင်တယ်။ မြန်မာ ပြည်ချန်ပီယံဖြစ်နိုင်တာမျိုလေးပေါ့၊
ဖြေ – နှစ်တိုင်း ရွှေခါးပတ်ချန်ပီယံပွဲတွေလုပ်ပေးတယ်။ လုပ်ပေးတယ်ဆိုတဲ့အဓိပ္ပါယ်က ဒီပြဿနာပဲ၊ တစ်နှစ်မှာတစ်ခါ ရွှေခါးပတ်ပွဲလုပ်လိုက်တဲ့အခါမှာ ဝိတ်တန်းတစ်တန်းမှာ ဘယ်သူအတော်ဆုံးလဲဆို တာ ရွေးထားပြီးသားဖြစ်တာပေါ့၊ အဲဒီတော့ နိုင်ငံတကာက ခေါ်တဲ့အခါ ရွှေခါးပတ်ချန်ပီယံထဲက လူတွေကို ရွေးလိုက်လို့ရှိရင် မမှားတော့ဘူးပေါ့၊ ဒါကတော့ အတန်းလိုက်ပေါ့၊ ဒါပေမယ့် နိုင်ငံချန်ပီယံ ရွေးတဲ့အခါကျတော့ အပေါ်တန်းမှာက သုံးလေးယောက်ပဲရှိတယ်၊ နိုင်ငံတကာမှာ နိုင်ငံပေါင်းစုံရှိတဲ့ အခါကျတော့ ချန်ပီယံဖြစ်ဖို့ ချက်ခြင်းတန်းထိုးလို့မရဘူး၊ သူတို့အဆင့်တူတဲ့သူ လေးငါးယောက်မှာ ၂ ယောက်လောက်ကို အဆင့်တက်ဖြိုပြီးမှ ထိုးလို့ရမယ်။ ဒီမှာကျတော့ ကိုယ့်ပြည်တွင်းဖြစ်တဲ့အတွက် ထွန်းထွန်းမင်းကိုထိုးမယ်ဆိုရင် တူးတူးထိုးလို့ရမယ်၊ စိုးလင်းဦးထိုးလို့ရမယ်။ ပြောလို့ရနေတယ်၊ နောက်တစ်ယောက် ဒုတိယတန်းက ဘယ်သူမှတက်ထိုးလို့မရဘူး၊ ပရိတ်သတ်တွေတောင်သိပါတယ်၊ ပညာရှင်တောင်မလိုဘူး၊ မှန်းလို့ရတယ်လေ၊ နည်းနေတာပေါ့၊ ဒီမှာက အဲ့လို အဆင့်အတန်းသတ်မှတ် ချက်လေးထားလို့မရဘူးပေါ့။

မေး – အရှေ့တောင်အာရှအနေနဲ့ ခု ရိုးရာလက်ဝှေ့မှာ ထိုင်းအပြင်၊ လာအိုလည်း အတော်လေး ကောင်းနေတယ်၊ နည်းစနစ်ကျကျ၊ လှလှပပလဲ ထိုးသတ်နိုင်နေတာတွေ့ရပါတယ်။ ဒါပေမယ့်လာအို တို့နဲ့က ပွဲစဉ်တွေက နည်းနေတာဘာကြောင့်လဲဆရာ။
မေး – ဒီလိုပါ၊ ကျွန်တော်တို့က နိုင်ငံခြားကိုခေါ်လိုက်တဲ့အခါကျတော့ ကျွန်တော်ဆိုရင် ဘန်ကောက် ကအဖွဲ့အစည်းတစ်ခုနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ချိတ်ထားတယ်၊ သူတို့နဲ့ကျွန်တော်တို့နဲ့ ဘွန်းထိုး ပြီးတော့ရှာခိုင်းတယ်၊ သူတို့လဲ သူတို့နဲ့လက်လှမ်းမှီတဲ့ လာအို၊ ကန်ပူးချား၊ နောက် မွန်ဂိုးလီးယား သူတို့တော်တော်ကိုကောင်းတယ်။ ရေးမှာလာထိုးတဲ့လာအိုကတည်းတော်တော်ကောင်းပါတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲမှာ စွမ်းထက်နိုင်ကိုနိုင်သွားတာ အဲဒီလာအိုလေးထိုးတဲ့ကလပ်ကပဲ၊ ဆရာတူတွေပဲ၊ အလျင်းသင့်သလို ကျွန်တော်တို့လဲ ခေါ်မှာပါ၊ တစ်ခါတစ်လေကျတော့ သူတို့က ကျွန်တော်တို့လိုဝိတ်မရှိဘူး၊ လာအိုဆိုမရှိဘူး၊ ထွန်းထွန်းမင်းဝိတ်မရှိဘူး၊ ထွန်းထွန်းမင်းဝိတ်မရှိဘူး၊ တူးတူးမိတ်မရှိဘူး၊ သေးသေးလေးတွေပဲရှိတယ်၊ အဲလိုထိုးဖို့ ဘက်မရှိဘူး၊ မိုက်ရိုင်းလေးနဲ့ထိုးခဲ့တဲ့ လာအိုလက်ဝှေ့သမားကို တစ်ခြားသူနဲ့တွဲထိုးဖို့က စဉ်းစားကြည့်တော့ မရှိဘူး၊ ထိုးတဲ့ကောင် ရှုံးမှာပဲ၊ ကျွန်တော်တို့ဘက်က ရှုံးမှာပဲ၊ ကျွန်တော်တို့ဘက်က အဲဒီသူတို့နဲ့ထိုးမယ့်ဝိတ်တန်းမှာ အကောင်း မရှိဘူး။ အဲ့လိုပါဗျ။
ဖြေ – လာမယ့် ထွန်းထွန်းမင်းနဲ့ ကနေဒါပွဲရဲ့လက်ရည်လေး အန်ကယ်လ်သုံးသပ်ပေးပါခင်ဗျာ။
ဖြေ – ဒါကတော့ သဘောသဘာဝအရတော့ ထိုးကြည့်ရင်တော့ ပုံစံတော့မတူဘူးပေါ့၊ ထွန်းထွန်းမင်း အနေနဲ့ကတော့ စတာနဲ့ non-stop ကစ်မှာ၊ အဲဒီဟာကို သူ့အနေနဲ့ တုံ့ပြန်နိုင်၊ မတုံ့ပြန်နိုင်ဆိုတာ ကြည့်ရမယ်။ ထွန်းထွန်းမင်းရဲ့စတိုင်လ်က သိတဲ့အတိုင်းပဲလေ။ သူဘယ်လိုကာကွယ်နိုင်မလဲဆိုတာပဲ ကြည့်ရမှာပဲ။

မေး – တူးတူးနဲ့ ထွန်းထွန်းမင်းတို့က အချစ်ဆုံးသူငယ်ချင်းတွေလို့သိရသလို၊ တူးတူးက စိန်ခေါ်ထိုး မယ်လို့ သတင်းတွေထွက်နေပါတယ်။ အန်ကယ်လ်အနေနဲ့ ဖြစ်နိုင်/မနိုင်နဲ့ လက်ရေအနေနဲ့ ယှဉ်ပြီး သုံးသပ်ပေးပါအန်ကယ်လ်။
ဖြေ – သူတို့က ပြောသာပြောနေတာပါ သူတို့ပွဲတွေက ဆက်နေတယ်။ အောက်တိုဘာမှာလဲ တူးတူး ရော၊ ထွန်းထွန်းမင်းရော နိုင်ငံခြားနဲ့ထိုးဖို့ရှိတယ်။ နောက် ထွန်းထွန်းမင်းအနေနဲ့လည်း ဂျပန်မှာပွဲရှိ သေးတယ်။ အဲ့လိုပွဲတွေကရှိနေတော့ သူတို့နှစ်ယောက်က ဒီနှစ်ထဲမှာတော့ မဖြစ်နိုင်သေးပါဘူး။ ကြည့်လိုက်ပြန်တော့လဲ တူးတူးရဲ့လက်ရည်အခြေအနေကို လူတွေက ဒီအတိုင်းဆိုရင် မဖြစ်နိုင်သေး ဘူးလို့ ကောက်ချက်ချကြတယ်။ ပရိတ်သတ်တွေသိမှာပါ။

မေး – ရိုးရာလက်ဝှေ့ပွဲတွေအနေနဲ့ ခုဆိုရင် ပြည်နယ်နှင့်တိုင်းပွဲတွေမှာ ကြည့်ရှုသူနည်းနေတဲ့အပေါ် ပြောပေးပါဦး။
ဖြေ – အဓိကကတော့ မြန်မာလူမျိုးတွေရဲ့သဘောပဲပေါ့၊ ဗီဒီယိုဆိုလို့ရှိရင် မင်းသားတစ်ယောက် နာမည်မရသေးဘူးဆိုရင် သူတို့စိတ်မဝင်စားကြဘူး၊ ဘယ်လောက်တော်တော် အလကားလိုက်ပေး တာတောင်မှ မကြည့်ကြဘူး၊ နာမည်ရသွားပြီးတဲ့သူတွေ ပြေတီဦးတို့ဆိုမှ ပြေတီဦးလို့ဖြစ်သွား သလိုပေါ့၊ နာမည်ကြီးမှပဲ ကောင်းတယ်လို့ထင်ကြတာပေါ့၊ ခု ကျွန်တော်တို့ free show ပြည်နယ်နှင့် တိုင်းပွဲတွေကိုပြနေတာ၊ မျိုးဆက်သစ်ကလေးတွေ ၁၄၉ ယောက်လာထိုးနေတယ်။

မေး – အန်ကယ်လ်အနေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်ပြီးတော့ သီးခြားပြောချင်တာများရှိရင် ပြောပေးပါခင်ဗျာ။
ဖြေ – လက်ဝှေ့တိုးတက်ဖို့အတွက် လုပ်ပိုင်ခွင့်ရှိသူတွေရဲ့အထောက်အပံ့တွေလိုတယ်၊ တာဝန်ရှိ သူတွေ၊ ပွဲစီစဉ်ပေးသူတွေ၊ စပွန်ဆာတွေ၊ မီဒီယာတွေအားလုံး စုပေါင်းပြီးတော့ ဆိုင်ရာအလိုက် ပံ့ပိုးကူညီ ပြိုင်တူတွန်းနိုင်မယ်ဆိုရင် ရိုးရာလက်ဝှေ့ကတော့ တိုးတက်လာမှာပါ၊ ကျွန်တော့်ရဲ့ အမြင်ပေါ့။ ခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.