တီဟီရန်၊ မေ ၂၀

အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀ ရက်နေ့မှာ အတည်ပြုကြေညာပါတယ်။

ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရာဒိုလာဟီယံတို့ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ မေ ၁၉ ရက်နေ့က ပျက်ကျသွားပြီး မီးလောင်ကျွမ်းထားတဲ့ အဲဒီရဟတ်ယာဉ်အပျက်အစီးကို နှင်းမုန်တိုင်း တိုက်ခတ်နေတဲ့ အခြေအနေမှာ ညလုံးပေါက် ရှာဖွေပြီးနောက် မေ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ ရှာတွေ့ခဲ့ပါတယ်။

ရဟတ်ယာဉ်ပျက်ကျခဲ့ရာနေရာ

သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားသူ အားလုံး သေဆုံးပြီဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အီရန်အရာရှိ တစ်ယောက်က ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။
သမ္မတရိုင်စီ သေဆုံးမှုကို နောက်ပိုင်းမှာ ဒုသမ္မတနဲ့ နိုင်ငံပိုင်မီဒီယာက အတည်ပြုဖော်ပြခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ တောင်ထိပ်တစ်ခုကို တိုက်မိပြီး ပျက်ကျခဲ့ပုံကို နိုင်ငံပိုင် မီဒီယာက ဖော်ပြတဲ့ သတင်းဓာတ်ပုံတွေမှာ မြင်တွေရပေမယ့် ပျက်ကျရတဲ့ အကြောင်းအရင်းကို တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သမ္မတ ရိုင်စီဟာ အမေရိကန်နိုင်ငံထုတ် Bell 212 အမျိုးအစား ရဟတ်ယာဉ်နဲ့ စီးနင်း လိုက်ပါသွားတာ ဖြစ်တယ်လို့ နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြထားပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး

အသက် ၆၃ နှစ်အရွယ် ရိုင်စီဟာ ၂၀၂၁ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို သဘောထား တင်းတင်းမာမာနဲ့ နှိမ်နှင်းမှုမှာ အဓိကပါဝင်သူ ဖြစ်သလို အင်အားကြီး နိုင်ငံတွေနဲ့ နျူကလီးယား ဆွေးနွေးရာမှာလည်း သဘောထားတင်းမာခဲ့သူ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ပျက်ကျရာနေရာကို ရှာတွေ့ပြီးနောက် ခရီးသည် တစ်ယောက်မှ အသက်ရှင်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ အီရန် ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျပြီးနောက် အီးယူက ဂြိုဟ်တုသုံး မြေပုံဖော်နည်းပညာနဲ့ ကူညီပေးခဲ့ပြီး အမေရိကန်သမ္မတက ဒီသတင်းနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရိုင်စီ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ပျက်ကျသွားကြောင်း သတင်းတွေ ကြားသိရပြီးနောက် တရုတ်က များစွာ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်မှာ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေ ကြုံနေပြီး သဘောထားကွဲလွဲမှု မြင့်မားနေချိန်မှာ သမ္မတရဲ့ ရဟတ်ယာဉ် ပျက်ကျသွားတာလည်း ဖြစ်ပါတယ်။

အီရန်ရဲ့ နိုင်ငံရေးစနစ်ဟာ ဘာသာရေး ခေါင်းဆောင်အုပ်စုနဲ့ အစိုးအဖွဲ့ကြားမှာ အကွဲအပြဲတွေ ရှိနေပါတယ်။ ပူးတွဲစီမံကိန်းတစ်ရပ်နဲ့ အကောင်အထည်ဖော်တည်ဆောက်ထားတဲ့ နယ်စပ်ကရေကာတာတစ်ခု ဖွင့်ပွဲအတွက် သမ္မတရိုင်စီက ရဟတ်ယာဉ်နဲ့ သွားရောက်ချိန်မှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.