မော်စကို၊ မေ ၁၇

လျှို့ဝှက်ထောက်လှမ်းမှုနဲ့ပတ်သက်လို့ သံတမန်ရေး အငြင်းပွားမှု အရှိန်မြင့်တက်လာနေချိန်မှာ ဗြိတိန်သံတမန် တစ်ယောက်ကို ရုရှားကနေ ထွက်သွားဖို့ အချိန်တစ်ပတ်ပေးထားပါတယ်။

ဗြိတိန်ရဲ့ အခင်အမင်ပျက်စေတဲ့ ရုရှားဆန့်ကျင်ရေး လုပ်ရပ်တွေကြောင့် သံတမန်ဗိုလ်ကြီး အက်ဒရီယန် ကော့ဟဲလ်ကို ဖယ်ရှားရတာဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးအရာရှိဖြစ်ကြောင်း အသိမပေးဘဲ ရှိနေတဲ့ ရုရှားကာကွယ်ရေးဝန်ထမ်း တစ်ယောက်ကို လျှို့ဝှက်ထောက်လှမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိန်က မေ ၈ ရက်နေ့မှာ နှင်ထုတ်ခဲ့ပါတယ်။

ရုရှားက မိမိတို့ရဲ့ တုံ့ပြန်မှုဟာ အခုလုပ်ရပ်လောက်နဲ့ အဆုံးသတ်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

နောက်ထပ် လက်စားချေမယ့် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ တင်းမာမှု မြင့်တက်အောင် စလုပ်သူတွေကို အသိပေးထားကြောင်းလည်း မော်စကိုက ပြောပါတယ်။

ဒါကြောင့် မော်စကိုမှာ ရှိနေတဲ့ ဗြိတိန်သံတမန်တွေအနေနဲ့ နှင်ထုတ်ခံရတာမျိုးနဲ့ ထပ်ပြီး ကြုံတွေ့ နိုင်ပါတယ်။

အက်ဒရီယန်ဟာ မော်စကိုမြို့ရှိ ဗြိတိန်သံရုံးမှာ အခြေစိုက်တဲ့ ဗြိတိန် တော်ဝင် ရေတပ်အရာရှိ၊ ကာကွယ်ရေးအရာရှိ ဖြစ်ပါတယ်။

ရုရှားရဲ့ လုပ်ရပ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ ဗြိတိန်က ယူကရိန်းကို ကူညီနေတာကြောင့် ဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ပါတယ်။

ရုရှားအတွက် လျှို့ဝှက်ထောက်လှမ်းပေးနေတယ်ဆိုတဲ့ လူငါးယောက်ကို ဗြိတိန်က ဧပြီလအတွင်းက နှင်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

နောက်ထပ် ဗြိတိန်က သံတမန်အဆောက်အဦလို့ နာမည်ခံပြီး လျှို့ဝှက်ထောက်လှမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သံသယရှိတဲ့ ရုရှား အဆောက်အဦတွေကို သံတမန် အဆောက်အဦဆိုတဲ့ သတ်မှတ်ချက်ကနေ ပယ်ဖျက်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.