စင်ကာပူ မေ ၁၆

အရင်ခေါင်းဆောင် မျိုးဆက်တွေနဲ့ မတူညီတဲ့ ပုံစံမျိုးနဲ့ နိုင်ငံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဦးဆောင်သွားမယ်လို့ စင်ကာပူရဲ့ စတုတ္ထမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ လောရင့်စ် ဝေါင်က ပြောကြားလိုက်ပါတယ်။

မိမိတို့ရဲ့ ဘဝတွေဟာ မိမိတို့နိုင်ငံကို ထုဆစ်ထားတဲ့ တန်ဖိုးထားမှုတွေ အတွက် အစမ်းသပ်ခံတွေဖြစ်ပြီး အကျင့်ပျက်ခြစားမှု မရှိစေရေး လူမျိုးပေါင်းစုံ သင့်တင့်စွာ နေထိုင်ရေး အရည်အချင်းအလိုက် ရွေးကောက်တင်မြှောက်ရေး တရားမျှတရေးနဲ့ တန်းတူညီမျှရေးတို့အတွက် ဆောင်ရွက်သွားမယ်လို့ လောရင့်စ် ဝေါင်က ပြောပါတယ်။

စင်ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းနဲ့အတူတွေ့ရတဲ့ ဝန်ကြီးချုပ်သစ် လော့ရင့်စ် ဝေါင်

နိုင်ငံတည်ထောင်သူ ဖခင်တွေရဲ့ ဆန်းသစ် တီထွင်မှု ရှိတဲ့ မူဝါဒတွေကြောင့် အကျိုးခံစားရသူတွေရှိကြောင်းနဲ့ အဲဒီ အတွေ့အကြုံတွေနဲ့ ပုံသွင်းပြီး မိမိတို့မျိုးဆက်ဟာ အရင်မျိုးဆက်တွေနဲ့ ကွဲပြားခြားနားလိမ့်မယ်လို့ သူက ဆိုပါတယ်။

မိမိတို့ အနေနဲ့ ဆက်လက်ပြီး ရဲရဲတင်းတင်းနဲ့ အရင် စဉ်းစားသွားမှာ ဖြစ်တယ်လို့လည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ လောရင့်စ် ဝေါင်က ပြောကြားပါတယ်။

ဒါဟာ တရားရေးဝန်ကြီး ဆွန်ဒရက်စ် မီနွန်က သူ့ကို ကျမ်းသစ္စာ ကျိန်ဆိုစေပြီးနောက် နိုင်ငံ့ခေါင်းဆောင်အဖြစ် မစ္စတာ ဝေါင် ပြောကြားတဲ့ ပထမဆုံးမိန့်ခွန်း ဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် မစ္စတာ ဝေါင်ဟာ စင်ကာပူကို နှစ်ပေါင်း ၂၀ ကြာ ဦးဆောင်ခဲ့သူ လီရှန်းလွန်းရဲ့ နေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူသမ္မတကတော့ မိမိတို့နိုင်ငံဟာ လူကောင်းသူကောင်းတွေရဲ့ လက်ထဲမှာ ရှိနေတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
မိမိတို့နိုင်ငံ အောင်မြင်မှုအတွက် အဓိကသော့ချက်ဟာ စင်ကာပူ နိုင်ငံသားအချင်းချင်းမြင့်မားတဲ့ ယုံကြည်မှုနဲ့အတူလက်တွဲ လုပ်ကိုင်နိုင်စွမ်းဖြစ်တယ်လို့ ဝန်ကြီးချုပ်အသစ်မစ္စတာ ဝေါင်က ပြောပါတယ်။

သူက ခေါင်းဆောင်ဟောင်းတွေကိုလည်း ဂုဏ်ပြုခဲ့ပြီး မိမိတို့ဟာ ဘာမှ မရှိတဲ့ အခြေအနေကနေ စတင်ရမှာ မဟုတ်ဘဲ အကြီးကြီး တည်ဆောက်ပြီးစီးနေတဲ့ အခြေအနေနဲ့ စတင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.