လွိုင်ကော်၊ ဒီဇင်ဘာ ၂၇
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံနေအိမ်တွေ ကို စစ်ကောင်စီတပ်ကနေ နေ့တိုင်နီးပါး မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေသလို အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လူတွေနေထိုင်မှု မရှိတော့တဲ့အတွက် လွိုင်ကော်မြို့ပေါ်က နေအိမ်တွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ မီးလောင်ဗုံးနဲ့ ပစ်ခတ်ခံရမှု၊ လက်နက်ကြီးကျရောက်ပေါက်ကွဲတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့မှုတွေကြောင့် မီးလောင်ပျက်စီးမှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပြောခွင့်ရကတော့ စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့ပေါ်မှာ နေ့စဉ်နီးပါး စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူတွေကို ပစ် ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။
” စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာတွေရှိတယ်။ သူတို့အမျိုးမျိုးလုပ်ဆောင်နေတာတွေ တွေရှိတယ်။ လွိုင်ကော်မြို့ပေါ်မှာ အရပ်သားပြည်သူတွေကို ပစ်သတ်တာတွေ၊ အရပ်သားပြည်သူတွေကိုပေး မထွက်တာတွေ ရှိခဲ့တယ်။ စစ်ပူကာလမှာ စစ်ကောင်စီတပ်ကတော့အမျိုးမျိုးလုပ်ဆောင်နေတာရှိပါတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း လွိုင်ကော်အကျဉ်းထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေဟာ အရပ်ဝတ်တွေနဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ တယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေက အသိပေးထားပါတယ်။
လွိုင်ကော်မြို့ရဲ့ အဓိကဈေးတစ်ခုဖြစ်တဲ့ သီရိမင်္ဂလာဈေးဟာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ကောင် စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဈေးတစ်ခုလုံး မီးလောင်ခဲ့ရတယ်လို့ သိရပါတယ်။
“စိတ်တော့မကောင်းဘူးပေါ့။ ဒါပေမယ့် ဘယ်လိုပြောရမလဲဆိုရင် မိုးပြိုနေတာပေါ့ဗျာ။ ဖြစ်တာက ကိုယ်တစ် ယောက်ထဲမှ မဟုတ်တာ။ အခုလွိုင်ကော်မှာဆိုရင်လဲ ကိုယ့်ထက်အခြေအနေဆိုးတဲ့ လူတွေအများကြီးရှိတယ်။ ပြောရမယ်ဆိုရင်တော့ အနည်းဆုံးတော့မြေတော့ ကျန်ပါသေးတယ်။ ဒီလိုပဲတွေးရမှာပေါ့” လို့လည်း လွိုင်ကော် မြို့က ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၁၀,၀၀၀ ကျော်၊ လူဦးရေ ၃၀,၀၀၀ နီးပါး နေထိုင်တဲ့ လွိုင်ကော်မြို့ဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့် လူဦးရေ ၇၀ ရာခိုင်နှုန်းထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လွိုင်ကော်မြို့ပေါ် တိုက်ပွဲတွေကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်၊ အဆောက်ဦးအရေအတွက်ကိုတော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပေမယ့် ဒေသခံတွေအဆိုအရ နေအိမ်အဆောက်အဦး ရာနဲ့ချီ ပျက်စီးနိုင်တယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။
နေအိမ်မီးရှို့ခံခဲ့ရတဲ့ လွိုင်ကော်ဒေသခံ တစ်ဦးကလည်း ပြည်သူတွေ ခက်ခက်ခဲခဲဆောက်လုပ်ခဲ့ရတဲ့ နေအိမ် တွေကို စစ်ကောင်စီတပ်ကနေ အလွယ်တကူ မီးရှို့ဖျက်ဆီးမှုအပေါ် တကမ္ဘာလုံးက အရေးယူပေးဖို့ တောင်းဆို ထားပါတယ်။
” သူတို့က ပြည်သူတွေပေးတဲ့လစာတွေ၊ပြည်သူတွေပေးတဲ့အခွန်တွေနဲ့ သူတို့ဟာသူတို့ကားတွေ ဝယ်စီးမယ်။ အိမ်တွေဆောက်တယ်။ ပြည်သူတွေကတော့ သူတို့နည်း သူတို့ဟန်နဲ့ရလာတဲ့ ချွေးနည်းစာနဲ့ အိမ်တစ်လုံးကို ဆောက်ထားရတာဖြစ်တယ်။ အထူးသဖြင့်အစ်မတို့ ကယားမှာဆိုရင် အိမ်တစ်လုံးဖြစ်ဖို့က မလွယ်ဘူး။ ကြိုးစား ပမ်းစားဆောက်ထားတဲ့အိမ်တွေကို သူတို့ကလွယ်လွယ်နဲ့ မီးရှို့ဖျက်ဆီးတဲ့အတွက်ကြောင့်မလို့ အဲ့အဖွဲ့အစည်း ကို တစ်ကမ္ဘာလုံးက အရေးယူပေးဖို့ပြောချင်ပါတယ်” လို့ဆိုပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်အပါအဝင် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေအပါအဝင် မြို့ရဲ့ အထင်ကရနေရာအ များစု ပျက်စီးသွားပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၃ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်နဲ့ အဆောက်အဦး ၈၆,၀၀၀ ကျော် မီးလောင်ပျက်စီးထားတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP – Myanmarက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- CJ