ဘီးလင်း၊ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးရှိ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံ ၁၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ စစ်ကောင်စီရဲ့ အမှတ်(၄၁၀) ခြေမြန်တပ်ရင်း ရှေ့တန်းစခန်းဖြစ်တဲ့ ဝင်းတာပန်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အပါအဝင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတာပါ။

အချိန်နှစ်ပတ်နီးပါးကြာမြင့်လာတဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကနေ ကျေးရွာတွေထဲ လက်နက်ကြီး နေ့ရောညပါ ပစ်ခတ်နေတဲ့အတွက် ဝင်းတာပန်အထက်ရွာနဲ့ဝင်းတာပန်ရွာကြီးက ဒေသခံပြည်သူလူထု ၁၄၆၈ ဦးဟာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာပါ။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေ့ရက်ရှည်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ၊ စောင်၊ အမိုးအကာ၊ ဆေးဝါးတွေကအစ လိုအပ်ချက်ရှိနေတယ်လို့ KNU သထုံခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ဘေးလွတ်ရာ နေရာတွေနဲ့ တောတောင်တွေထဲမှာ ပုန်းခိုနေထိုင်နေရပြီး KNU ဘက်က ကူညီထောက်ပံ့တာတွေ လုပ်ဆောင်ပေးပေမယ့် လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုကို ကရင်အမျိုးသားအစည်းအရုံး KNU အပြင် စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် သပြေနီးကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.