နေပြည်တော်၊ ဒီဇင်ဘာ ၂၇

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလာတဲ့ ပြဿနာဖြေ ရှင်းဖို့အတွက် ပို့ကုန်ရငွေတွေကို အရင်သတ်မှတ်ကာလထက် ဘဏ်ငွေစာရင်းတွေထဲ စောစောထည့်သွင်းကြဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

စစ်ကောင်ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့နှစ် မေလကစပြီး အာရှနိုင်ငံတွေထံတင်ပို့မှုမှ ရရှိလာတဲ ပို့ကုန်ရငွေတွေကို ၄၅ ရက်အတွင်း ဘဏ်ငွေစာရင်းထဲ ထည့်သွင်းကြဖို့နဲ့ အာရှနိုင်ငံမှအပ ကျန်နိုင်ငံတွေကနေ ရရှိလာတဲ့ ပို့ကုန်ရ ငွေတွေကို ရက် ၉၀ အတွင်း ဘဏ်ငွေစာရင်းထဲ ထည့်သွင်းကြဖို့ ထုတ်ပြန်ထားတာပါ။

ဒါပေမဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီဟာ အရင်ကသတ်မှတ်ထားတဲ့ ပို့ကုန်ရငွေ ၄၅ ရက်အစား ရက် ၃၀၊ ရက် ၉၀ အစား ရက် ၆၀ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံခြားငွေရှားပါးမှုကို ဖြေရှင်းဖို့ လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ပို့ကုန်ကဏ္ဍအပေါ် သက်ရောက်မှု ကြီးမားလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံခြားငွေက သူ့မှာရှားလာတော့ ထိန်းချုပ်တာပေါ့နော်။ နိုင်ငံခြားငွေကို ထိန်းချုပ်တယ်ဆိုတဲ့နေရာမှာ နိုင်ငံ ခြား‌ငွေရတဲ့ ပို့ကုန်ကဏ္ဍကနေ ပိုရအောင်စီမံတာမျိုး ဒီနည်းတွေနဲ့တော့ လုပ်ငန်းရှင်အခက်အခဲကို အကျုံးဝင် သွားတာ။ အရင်က ၄၅ ရက်လောက် ထားပေးတယ်ဗျာ။ အခုရက် ၃၀ အတွင်း သွင်းလိုက်ဗျာ။ အရင်ကဆို ၄၅ ရက်လောက်ဆိုတော့ တချို့ကျတော့ ရောက်နေတဲ့ငွေကို မသွင်းသေးပဲ ဒီဘက်ပို့လိုက်၊ ဟိုဘက်ပို့လိုက် ကြားထဲမှာ လုပ်လို့ရသေးတယ်လေ။ ငွေလေးကို လှည့်သုံးလို့ရတာပေါ့ဗျာ။ အခုအဲဒီလိုအခြေအနေလေး မဖြစ် တော့ဘူးပေါ့။ အခုကတော့ ရက် ၃၀ လောက်ဆိုတော့ နည်းနည်းလှည့်သုံးလို့ မရတော့ဘူးပေါ့ဗျာ။ ဒီဟာ လေးတော့ Side effects ဖြစ်သွားမှာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ ပို့ကုန်ရငွေတွေကို စောစောထည့်သွင်းကြဖို့ သတ်မှတ်မှုဟာ နိုင်ငံခြား ငွေ အမြန်ရရှိအောင် လုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီဆီမှာ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားနေမှုကို ပြသ လိုက်တာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီကတော့ ပို့ကုန်ရငွေတွေကို သတ်မှတ်ရက်အတွင်း ဘဏ်ငွေစာရင်းထဲ မထည့်သွင်းတဲ့သူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း ပို့ကုန်ရငွေတွေဟာ အရင်ကပို့ကုန်တင်ပို့ပြီးတာနဲ့ ရရှိတာရှိသလို တချို့ နိုင်ငံတွေအနေနဲ့ အချိန်ဆွဲမှုတွေရှိတာကြောင့် အချိန်မီပို့ကုန်ရငွေမဝင်ပါက ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေပါ တရားစွဲခံ ရတာတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

“အမှန်ကတော့ ကျွန်တော်တို့ နိုင်ငံမှာ သုံးတာကတော့ FOP ပေါ့။ သင်္ဘောတင်ပြီးရင် ထွက်ပြီးလို့ရှိရင် ငွေ ထည့်ရမှာပေါ့လေ။ (FOP)ရဲ့ သဘောတရားအရဆိုရင်တော့ သင်္ဘောတင်ပြီးရင်တော့ ငွေထည့်ရမယ်။ အမှန် ကတော့ တစ်လတို့ဘာတို့လည်း မဟုတ်ဘူးဗျ။ ထည့်ကို ထည့်ရမှာ။ တစ်ပတ်အတွင်းထည့်ရမှာ သင်္ဘော တင်ပြီးရင်။ တချို့ကလည်း ငွေရစ်တယ်ဗျာ။ တချို့နိုင်ငံတွေက ရောင်းတဲ့သူတွေဝယ်ပြီးတော့ FOP ရောင်းထား ပေမယ့်လည်း တချို့က ရစ်တာရှိတယ်လေ။ အခုဒီပြည်တွင်းထဲမှာရှိနေတဲ့ ပို့ကုန်လုပ်တဲ့ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ် တွေကတော့ Error အကြီးကြီး ရှိသွားမှာပေါ့။ အဲဒီလောက်မှာ မဝင်လာဘူးဆိုရင်တော့ သူကစာနဲ့ခေါ်မယ်။ ပြီးလို့ရှိရင် တရားစွဲတာတွေဘာတွေ ဖြစ်လာနိုင်တာပေါ့။ လက်ရှိလည်း ပထမမူလကမသွင်းတဲ့လူတွေ အမှု ဖွင့်တာတို့ ဘာတို့တော့ ရှိနေတယ်လေ”လို့ ပြောပါတယ်။

စီးပွားရေးပညာရှင်တွေအဆိုအရ စစ်ကောင်စီရဲ့ ပို့ကုန်ကဏ္ဍအပေါ် လိုက်လံတင်းကျပ်မှုတွေဟာ နိုင်ငံအတွင်း အခြေခံစားသောက်ကုန်အပါအဝင် ကုန်ကြမ်းပစ္စည်းရှားပါးမှု ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

တဖက်မှာတော့ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လစာကနေ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံနေသလို ဝင်ငွေခွန်မဆောင်တဲ့ နိုင်ငံသားတွေကိုလည်း Passport ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ထားတာပါ။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေး အခြေအနေဟာ နာလန်မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့် ထပ်ခါထပ်ခါ ကျဆင်းလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန် ထိခိုက်စေမယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Reuter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.