ကျောက်ကြီး၊ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူလေးအုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၃)၊ မူမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်းနဲ့ နရွဲပင်တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ လက်အောက်ခံ တပ်သား ၂၀ ဦး သေဆုံးခဲ့သလို လက်နက်မျိုးစုံ ၁၉ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုအချို့ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိနေတဲ့ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းဖြင့် စစ်ကူပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.