ကော့ကရိတ်၊ ဒီဇင်ဘာ ၂၇

နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ရေးပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ် ရှိ ဒေသခံနေအိမ် ၄၀ နီးပါးဟာ ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းက မီးရှို့ဖျက်ဆီးခံရတာကြောင့် မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသခံ တွေကနေ သိရပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး အဲဒီတိုက်ပွဲကြောင့် မြို့လုံးကျွတ် နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒေသခံတွေ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကော့ကရိတ်မြို့ အမှတ် ၅ လှိုင်ကွက်သစ်ဘက်မှာ နေအိမ်အလုံး ၄၀ နီးပါးမီလောင်ပြာကျခဲ့ပြီး ရှို့မီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမီးလောင်မှုဟာ ရှို့မီးလို့သာသိရပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်နေလဲဆိုတာ မသိရဘဲ ကော့ကရိတ်မြို့ ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေသာ ရှိနေတယ်လို့ ကော့ကရိတ်ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေအများစု ထွက်ပြေးနေရတဲ့အချိန်မှာ မြို့ပေါ်က နေအိမ်အတွင်း ရှိ ကျန်ရှိနေတဲ့ ပစ္စည်းအသုံးအဆောင်တွေကို သူခိုးတွေက ဝင်ရောက်မွှေနှောက် ခိုးယူတာတွေ လုပ်ဆောင်နေ တဲ့အတွက် ပစ္စည်းပျောက်ဆုံးတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေကနေ သိရပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ စစ် ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားလျက်ရှိ နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင် နေလျက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.