မုန်း၊ ဒီဇင်ဘာ ၂၆

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၃) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၀ ရက်နေ့က စစ်ကောင်စီရဲ့ အမှတ်(၃၀၇) ခြေမြန်တပ်ရင်းကနေ သစ်ဖြူဆိပ်ကျေးရွာထဲ ၁၂၀ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း သစ်ခြုံပင်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ပစ်ခတ်တိုက် ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်အမျိုးသား ၁ ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သလို တဆက်တည်း မြနီကွင်းကျေးရွာနဲ့ ခင်ကြီးကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြနီကွင်းကျေးရွာက ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကနေ ဂျက်ဖိုက်တာလေယာဉ် ၂ စီးနဲ့ ခင်ကြီး၊ ခင်နောက်မီး၊ ဆိုးပုံကွင်းနဲ့ မြက်နီးကွင်းရွာကြားမှာ ပေါင် ၅၀၀ ဗုံး ၅ လုံး ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခင်နောက်မီးကျေးရွာက နေအိမ် ၁ လုံး နဲ့ ဆိုင်ကယ် ၂ စီး မီးလောင်ပြာကျ ပျက်စီးသွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU မုန်းမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ နေ့စဉ်နဲ့အမျှတိုးလာသလို အရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြစ်တဲ့ စားနပ်ရိက္ခာ၊နေရာထိုင်ခင်း အမိုးအကာနဲ့ ဆေးဝါးတွေများစွာ လိုအပ်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.