ဘီးလင်း၊ ဒီဇင်ဘာ ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာရှိ ကိုနဝင်းစေ တီဘုရားပွဲ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဘုရားပွဲကျင်းပရာ အာဝါဒေး လောင်းကစားဝိုင်းအနီးရှိ ဆိုင်ကယ်ရပ်နားခ ကောက်ခံနေတဲ့ဂိတ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့် ပေါက်တောကျေးရွာနေ အသက် ၁၇ နှစ်အရွယ် ကိုဥက္ကာကျော်ဟာ အခင်း ဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး ဒေသခံတွေဖြစ်တဲ့ ဦးကျော်မင်းထိုက်၊ ဦးသူလင်း၊ ဦးသိုက်စိုး၊ ဦးအောင်စိန်းသန့်တို့ ၄ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၄ ဦးကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အဲဒီထဲက အမျိူးသား ၂ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ဘုရားပွဲဗုံးပေါက်ကွဲမှုဟာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF တွေက လုပ်ဆောင်တာလို့ စွပ်စွဲဖော်ပြတာတွေ ရှိနေပါတယ်။

ဘုရားပွဲဗုံးပေါက်ကွဲမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဘုရားပွဲကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ကောင်စီ သတင်းပေးတာက ကျေးရွာရန်ပုံငွေအတွက်ဆိုပြီး စစ်ကောင်စီ ခွင့်ပြုချက်နဲ့ ဘုရားပွဲမှာ ဇာတ်သဘင်နဲ့ လောင်းကစားဝိုင်းတွေ ထည့်သွင်းကျင်းပခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကတည်းက ကျင်းပခဲ့တဲ့ အဲဒီဘုရားပွဲကို DJ Moon လမင်းကဗျာ လာရောက်ဖျော်ဖြေဖူးပြီး ဗုံးပေါက်ကွဲမှုကြောင့် ပွဲပျက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.