မြိုင်၊ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၄၀ ထက်မနည်း မီးလောင်ပျက်စီးထားပြီး ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြိုင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်တပ်ကို မြိုင်ပကဖ အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ကြောင့် အထိနာသွားပြီးနောက် ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၈ နာရီဝန်းကျင် နှင်းဆီကန်ကျေးရွာကို မီးရှို့ခဲ့တာပါ။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နှမ်းဆီကန်ရွာက ပြည်သူပိုင်နေအိမ် ၄၀ ကျော် မီး လောင်ပျက်စီးထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း သာစည်ကျေးရွာက နေအိမ် ၅၂ လုံး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စုစုပေါင်း နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးထားပါတယ်။
စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်က စစ်ကောင်စီစခန်းတွေကို ရိက္ခာဖြည့်တင်းဖို့ ရိက္ခာတင်ကားတွေနဲ့အတူ ခြေလျင်စစ်ကြောင်း ၁၂၀ ဝန်းကျင် စစ်ကြောင်းထိုးနေတာ တစ်ပတ်ဝန်းကျင်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ နှမ်းဆီကန်ရွာမတိုင်ခင် သာစည်ရွာကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး တော် လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့အတွက် အထိနာသွားတာကြောင့် မီးရှို့ဖျက်ဆီးတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းကို မြိုင်ပကဖနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့အတွက် နှမ်းဆီကန်ကျေးရွာက ရှေ့မတက်နိုင်ဘဲ တွင်းမပျူစောထီးရွာကို ထမ်းစဉ်တွေသုံးပြီး ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ သိရပါ တယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၂၀ ကျော် သေဆုံးထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နှင်းဆီကန်ရွာ မီးရှို့ဖျက်ဆီးမှုအပေါ် စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာ အားပေးထောက်ခံကြောင်း ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
မြိုင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ မြိုင်ပကဖ က အသိပေးထုတ်ပြန်ပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်နဲ့ အ ဆောက်အဦးပေါင်း ၈၆,၀၀၀ ကျော် မီးလောင်ပျက်စီးထားတယ်လို့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တယ်လီဂရမ်