ဘန်ကောက် ၊ ဒီဇင်ဘာ ၂၃

မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နိုင်ငံအရှေ့မြောက်နဲ့ အနောက်ဘက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်မှုအပေါ် စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ရှမ်းမြောက်ဒေသကို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ရခိုင်ပြည်နယ်မှာလည်း ရက္ခိုင့်တပ်တော်က စစ်တပ် ကင်းစခန်းတွေကို တိုက်ခိုက်နေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၄ ခုကို သိမ်းပိုက်နိုင်မှု အပါအဝင် မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်ပြီး တော်လှန်ရေးတပ်တွေက အလုံးစုံထိန်းချုပ်ထားကြသလို စစ်ကောင်စီဘက်ကတော့ တန်ပြန်တိုက်ခိုက်မယ်လို့ ကြုံးဝါးထားပါတယ်။

အောက်တိုဘာလနှောင်းပိုင်းက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် အရပ်သား ၃၇၈ ဦးသေဆုံးပြီး ၅၀၅ ဦးဒဏ်ရာရရှိခဲ့ကာ လူ ၇ သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီဇင်ဘာလ ၁၅ ရက်နေ့ က ဖော်ပြထားပါတယ်။

UNOCHA ရဲ့ဖော်ပြချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာ လူပေါင်း ၂ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလအစောပိုင်းက ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ဗုံးတွေဟာ နိုင်ငံတာက တားမြစ်ထားတဲ့ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ ခဲယမ်းတွေကို အသုံးပြုထားတယ်လို့ AI အဖွဲ့က အစီရင်ခံထားပါတယ်။

ရခိုင်ပြည်နယ်ပေါက်တောမြို့မှာလည်း အရပ်သားတွေ နေထိုင်ရာနေရာတွေကို ဗုံးကြဲတိုက်ခိုက် တာတွေလုပ်နေတယ်လို့ အဲဒီအဖွဲ့က ဆိုပြီး အရပ်သားတွေအပေါ် တားမြစ်ထားတဲ့ ခဲယမ်းတွေ အသုံးပြုမှုကို စုံစမ်းစစ်ဆေးသင့်တယ်လို့ ဖော်ပြထားပါတယ်။

ပေါက်တောမြို့နယ်က လူ ၁၀ ဦးနဲ့ တွေ့ဆုံမေးမြန်းမှုအပြင် ဓာတ်ပုံတွေ၊ရုပ်သံဖိုင်တွေနဲ့ ဂြိုလ်တုဓာတ်ပုံတွေကို ခွဲခြမ်းစိတ်ဖြာတာတွေပြုလုပ်ခဲ့တယ်လို့ AI အဖွဲ့က ဆိုထားပါတယ်။

“မြန်မာစစ်တပ်မှာ အရပ်သားတွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ခွဲခြားမှုမရှိတဲ့ တိုက်ခိုက်မှုတွေရဲ့ အစဉ်အလာရှိပြီး လက်နက်ကိုင်အဖွဲ့တွေမှ ကြီးမားတဲ့ ထိုးစစ်အပေါ် ရက်စက်တဲ့ တုံ့ပြန်မှုဟာ စစ်တပ်ရဲ့ သဘောသဘာဝဖြစ်တယ်” လို့ AI အဖွဲ့ ပဋိပက္ခတုံ့ပြန်ရေး ဒါရိုက်တာ မတ်ဝဲလ်က ပြောခဲ့ပါတယ်။

Ref: Asahi

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.