မုန်း၊ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့ရှိ မြို့မဈေးကြီးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး မီးမရှို့မီဈေးအတွင်းရှိ ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU ဗဟိုက ဒီ ဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သားတွေဟာ မီးမရှို့ခင် ၅ ရက်လောက်အလိုကတည်း က မုန်းဈေးအတွင်းရှိ ဆိုင်တွေကိုဖောက်ထွင်းပြီး ဈေးပေါပေါနဲ့ မြို့ထဲကလူတွေကို လိုက်လံရောင်း ချခဲ့တယ်လို့ ဆိုပါတယ်။
ဈေးဖောက်ထွင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကြက်ဥတစ်လုံးကို တစ်ရာကျပ်၊ အင်္ကျီတစ်ထည် ဒါမှမဟုတ် ဘောင်းဘီတစ်ထည်ကို ကျပ်တစ်သောင်းထဲနဲ့ လိုက်ရောင်းနေတယ်လို့ မုန်းမြို့ပေါ် ဈေးလာဝယ်သူ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အပေါ် ထပ်ဆင့်ဖော်ပြပါတယ်။
ဒါ့အပြင် ရေခဲသေတ္တာနဲ့အခြားပစ္စည်းတွေကိုလည်း ဖျက်ဆီးရုံမက တံတားပေါ်ကနေပါ မုန်းချောင်းထဲကိုပစ်ချခဲ့ပြီး စစ်ဘေးရှောင်ပြီး ပြန်လာတဲ့သူတွေကိုလည်း မောင်းထုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
စစ်ကောင်စီကတော့ လူမရှိတော့တဲ့ မုန်းမြို့မဈေး မီးလောင်မှုဟာ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းတစ်ခန်းမှ ဂတ်စ်အိုးပေါက်ကွဲတာကြောင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့တာလို့ ထုတ်ပြန်ပါတယ် ။
မုန်းမြို့မဈေး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၃၈ ခန်းအနက် ၂၁၀ ခန်း မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာမလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ မုန်းမြို့ပေါ် တိုက်ပွဲကြောင့် ဒေသခံပြည်သူလူ ထု ခုနှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မုန်းမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၉ ဦး လက်နက်ချအညံ့ခံခဲ့ပြီး တပ်မိသားစုဝင် ၄၂ ဦးကိုလည်း စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU