ထားဝယ်၊ ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဟိန္နားသတ္တုတွင်းစောင့် စစ်ကောင် စီတပ်တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၅ ဦးထက်မနည်း လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ဟိန္နားသတ္တုတွင်းစောင့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ထားဝယ်စုပေါင်းစစ်ကြောင်းကနေ စနိုက်ပါနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် တပ်အင်အား ၆၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဟိန္နားကျေးရွာအနီးရှိ ဥယျာဉ်ခြံတွေထဲဝင်မွှေပြီး ခြံလုပ်သား အမျိုသား ၅ ဦးကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ခြံလုပ်သားတွေကို ဒီဇင်ဘာ၂၁ ရက်နေ့ ညနေပိုင်းအထိ ပြန်လွှတ် ပေးခြင်း မရှိသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးတာကြောင့် မိသားစုတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

ဟိန္နားသတ္တုတွင်းရဲ့ စွန့်ပစ်မြေတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့အစိုးရ လက်ထက်တုန်းက လိုင်စင်သက်တမ်းထပ်မတိုးပေးဖို့ ဒေသခံတွေ ကန့်ကွက်တာတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးပေးပြီး တူးဖော်တာတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့တုန်းကလည်း ဟိန္နားကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ် ရေးတပ်ဖွဲ့ တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.