ပန်ဆန်း ၊ ဒီဇင်ဘာ ၂၂

စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်လာရေးအတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရက ကမ်းလှမ်းလိုက်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်ခြင်း ၃၅ နှစ်ပြည့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ပေးပို့တဲ့ သဝဏ် လွှာမှာ ဖော်ပြထားတာပါ။

သဝဏ်လွှာမှာ ဒီကနေ့အချိန်ဟာ စစ်အာဏာရှင်စနစ်ကြောင့် တနိုင်ငံလုံး ဘေးဒုက္ခကြီးမားစေပြီး ဖွံ့ဖြိုးမှုနောက်ကျစေမယ့် စစ်အာဏာရှင်စနစ်ပြုတ်ကျစေရေး တနိုင်ငံလုံးအတိုင်းအတာနဲ့ တောင်ပေါ် မြေပြန့် နိုင်ငံသားတွေအားလုံး လက်တွဲညီညွတ်စွာနဲ့ ခုခံတိုက်ပွဲဝင်နေတဲ့ကာလလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို လေးစားအသိမှတ်ပြုတယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နွေဦးတော်လှန်ရေး နောက်တဆင့်တက်ဖို့ အင်အားလိုအပ်နေချိန်မှာ တကယ်လို့များ “ဝ” အဖွဲ့က ပါလာခဲ့ရင် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတိုက်ပွဲ အရှိန်အဟုန်ဟာ သိသာစွာတိုးတက်အောင်မြင်မယ်လို့ သုံးသပ်ပါတယ်။

“နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို နောက်ထပ်တဆင့်တိုးဖို့ အင်အားလိုအပ်နေချိန်မှာ တကယ် လို့ “ဝ” အဖွဲ့က ပါလာလို့ရှိရင် ကျွန်တော်တို့ မြန်မာပြည်မှာဆင်နွှဲနေတဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲရဲ့ အရှိန်အဟုန်ဟာ သိသာစွာ တိုးတက်အောင်မြင်ပြီး လျင်မြန်အောင်ပွဲရနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီအခြေအနေကြောင့် NUG ကနေပြီးတော့ ပူး ပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ဟာ တော်လှန်ရေးတဆင့်တိုးတက်ဖို့ အလွန်ကောင်းမွန်တဲ့ ကြို ဆိုထိုက်တဲ့ ကမ်းလှမ်းချက်ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ အင် အားအကြီးဆုံးနဲ့ လက်နက်တပ်ဆင်မှု အဆင့်တန်းအမြင့်ဆုံးအဖွဲ့အစည်းဖြစ်သလို ကိုယ်ပိုင်အုပ် ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားစီရင်ရေးဌာနတွေလည်း ရှိနေတာပါ။

“ဝ”အဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် တရုတ်ပြည်ရဲ့ ကျောထောက်နောက်ခံမှုတွေလည်း ရှိနေတာကြောင့် တော်လှန်ရေးမှာ ကြားနေမူဝါဒနဲ့ ရပ်တည်နေတာလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

စစ်အာဏာရှင်စနစ်ပြုတ်ကျရေး လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲမှာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ကချင်အဖွဲ့ KIO ၊ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA နဲ့ ရက္ခိုင့်အဖွဲ့ AA တို့ အင်တိုက်အားတိုက် ပါဝင်နေကြတာပါ။

တကယ်လို့များ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီက နွေဦးတော်လှန်ရေးမှာ ပေါင်းစည်းပါဝင်လာရင် ရှမ်းမြောက်က ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ တိုက်ပွဲအရှိန်အဟုန်ကလည်း အဆမတန်တိုးတက်လာမယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

“ဝ” အဖွဲ့ကတော့ ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘက်မလိုက်ရေးမူကို ကျင့်သုံးကာ ဘယ်ဘက်ကမှပါဝင်မှာ မဟုတ်ဘဲ အပစ်ခတ်ရပ်စဲရေးနဲ့ ဆွေးနွေးကြဖို့ နိုဝင်ဘာ ၁ ရက်နေ့မှာ တိုက်တွန်းထုတ်ပြန်ထားတာပါ။

သံလွင်တိုင်းမ်အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးမှာ လက်တွဲလုပ်ဆောင်ဖို့ ကမ်းလှမ်းချက်အပေါ် “ဝ”အဖွဲ့ရဲ့ သဘောထားသိရှိနိုင်ဖို့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-UWSA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.