သထုံ၊ ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ် ကျုံမိန်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃၀ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်မှာ သထုံအခြေစိုက် စစ်ကောင်စီ အမှတ်(၂၄) ခြေမြန် တပ်ရင်းနဲ့ အမှတ်(၄၀၂) အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ကျုံမိန်ကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး နော်ဖောတမော ကျည်ထိမှန်ပြီး အခင်းဖြစ်နေရာပဲ သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ နော်ဖောတမောမှာ အသက် ၃ နှစ်အရွယ်သားငယ်တစ်ဦးကျန်ရစ်ခဲ့ပြီး နာရေးကိုတော့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျေးရွာထုံးတမ်းအစဉ်အလာအတိုင်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ကျုံမိန်ကျေးရွာဟာ ကရင်အမျိူးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံမြို့နယ် ထိန်းချုပ်နယ်မြေဖြစ်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မကြာခဏ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ဒေသခံတွေအဆိုအရ အာဏာသိမ်းကာလအတွင်း ကျုံမိန်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သား ၅ ဦးထက်မနည်း သေဆုံးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့တုန်းကလည်း သထုံမြို့နယ် ပိန္နဲတောအထက်စုကျေးရွာထဲ စစ်ကောင် စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.