မော်လမြိုင်၊ ဒီဇင်ဘာ ၂၁
မွန်ပြည်နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်စပ်နေသူတွေကို စစ်ကောင်စီတပ်ကနေ အကြောင်းအမျိုးမျိုးပြပြီး ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၃၀ ရက်နေ့မှာ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ပကဖ ဦးမြသန်းအား ပစ္စတိုသေနတ်တစ်လက်နဲ့အတူ ဖမ်းဆီးရမိပြီးနောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်စပ်နေသူတွေကို လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာပါ။
အခုဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်ဟာ သံဖြူဇရပ်မြို့ပေါ်ရှိ PDF တွေနဲ့ ဆက်စပ်သူတွေ၊ ဖရဲသီးသတင်းပေးတွေ၊ ထောက်ပို့လုပ်ဆောင်သူတွေနဲ့ လုပ်ငန်းရှင်တွေအပါအဝင် ဒေသခံ ၆၀ ထက်မနည်းဖမ်းဆီးပြီး စစ်ကြောရေးသို့ ပို့ဆောင်ထားပါတယ်။
အဲဒီထဲက ပကဖအဖွဲ့ဝင် ဦးမြသန်းနဲ့ ကိုမင်းမင်းတို့ဟာ စစ်ကောင်စီရဲ့ သံဖြူဇရပ်တပ်နယ် ဝဲကလိစစ်ကြောရေးမှာ ရိုက်နက်ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးသွားပြီး မိသားစုထံ အလောင်းပြန်မပေးဘဲ အလောင်းဖျက်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက စုံစမ်းသိရရှိပါတယ်။
သံလွင်တိုင်းမ်ရဲ့ တပ်တွင်းသတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ စစ်ကောင်စီတပ်ဟာ သေဆုံးသွားတဲ့ ပကဖအဖွဲ့ဝင် ဦးမြသန်းနဲ့ ကိုမင်းမင်းတို့ရဲ့ ဖုန်းအတွင်း ရရှိထားတဲ့ အချက်အလက်တွေကနေ မွန်ပြည်နယ်အတွင်းရှိ PDF တွေနဲ့ ဆက်စပ်သူတွေကို ထပ်မံဖမ်းဆီးဖို့ ကြိုးပမ်းနေတယ်လို့ ပြောပြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ PDF တွေနဲ့ ဆက်စပ်ဖူးသူတွေကို နေ့ရောညပါ ပိုက်စိပ်တိုက် ဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်တာတွေရှိနေပြီး အများစုဟာ ဘယ်နေ့အဖမ်းခံရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတယ်လို့ အမည်မဖော်လိုတဲ့ သံဖြူဇရပ်မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဖမ်းမိနေတဲ့သူတွေက အများကြီးပဲ။ ဒီအတိုင်းက ဘယ်သူမှမနေရဲတဲ့ အနေအထား ဖြစ်နေတယ်။ တချို့တွေလည်း ထွက်ပေါက်မရှိလို့သာ သွားစရာနေရာမရှိလို့သာ နေနေရတာရှိတယ်။ ဒီမှာစီးပွား ရေး နည်းနည်းကောင်းရင် အဲဒီအိမ်ဆိုရင်တော့ ဒါသေချာပေါက် နေ့လားညလားပဲ။ မဖြစ်မနေလို့သာ နေနေရတာ ဘယ်နေ့ဘယ်သူ့ကို လာဖမ်းမလဲဖအေမရရင် သား၊ သားမရရင် အစ်ကိုရရာကို ဆွဲသွားတယ်ဆိုတော့ လူတွေကအရမ်းကြီးကို နေ့မအိပ်ရညမအိပ်ရ အဲဒီလိုဖြစ်နေတယ်။ ဘယ်နေ့ ငါ့အလှည့်ရောက်မလဲဆိုတာပဲ ထိုင်စောင့်နေရသလို ဖြစ်နေတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးရမိထားတဲ့သူတွေထဲမှာ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံးက ဒုဦးစီးမှူးဦးအောင်ကိုကိုဟာ ဌာနအတွင်း သတင်းအချက်အလက်တွေကို PDF တွေထံ ပေးပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်း ဖက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံတွေထံကနေ တစ်ဦးလျှင် ငွေကျပ်သိန်း ရာနဲ့ချီတောင်း ခံတာတွေရှိနေသလို ပြန်လွှတ်ပေးခဲ့တဲ့သူတချို့ကိုတော့ ဝဲကလိစစ်ကြောရေးအကြောင်း တစ်စုံတစ် ရာပြောဆိုပါက သတ်ဖြတ်မယ့်အထိ ခြိမ်းခြောက်တာတွေ လုပ်ဆောင်ထားပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ မော်လမြိုင်အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှာ လုံခြုံရေးတိုးမြင့်ထားသလို မသင်္ကာတဲ့သူတွေကိုလည်း ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို နေ့ရောညပါ ကင်းလှည့်တာနဲ့ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
မော်လမြိုင်မြို့ခံတစ်ဦးကလည်း အခုနောက်ပိုင်း စစ်ကောင်စီတပ်ကနေ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးသွားတဲ့သူအများစုဟာ ငွေကြေးအဆမတန် ပေးဆောင်ကာ ပြန်လွှတ်လာပေမယ့် သတင်းအစအန ပျောက်သွားတဲ့သူတွေလည်း ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မော်လမြိုင်မှာတော့ ဖမ်းခံရတာတွေတော့ရှိတယ်။ မိဘတွေအဆင်ပြေတဲ့အပေါ်မှာ ပိုက်ဆံပေးပြီး ပြန်လွတ်တာ ရှိတာပေါ့နော်။ သူတို့လိုအပ်တဲ့နေရာမှာ လူသားဒိုင်းအဖြစ် သုံးမှာလား။ ဒါမှမဟုတ်လည်း သူတို့ကိုခိုင်းမှာလား။ တစ်ခုခုခိုင်းဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာလား။ အခုကအဲဒီလိုတွေ လုပ်လာတယ်။ သူတို့ခေါ်သွားတဲ့ ကလေးတွေကလည်း အစအနကိုမရဘူး ဖြစ်နေတယ်။ အခုဆိုရင် ယောကျာ်းလေးမှန်ရင် မိုးချုပ်တာနဲ့ ဘယ်မှမထွက်ရဲတော့တဲ့ အခြေအနေဖြစ်နေတယ်။ ဘယ်သူမှ စိတ်ချမ်းသာမှုမရှိဘူးပေါ့”လို့ ဆိုပါတယ်။
အခုဒီဇင်ဘာလအတွင်း သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ သံဖြူဇရပ်၊ မော်လမြိုင်၊ သထုံ၊ ပေါင်၊ရေး၊ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်က ဒေသခံ ၈၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အဲဒီထဲက အရပ်သားပြည်သူတချို့ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ သဘောထားမှတ်ချက် ဝင်ရောက်ရေးသားတာနဲ့ အကြမ်းဖက်အားပေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာပါ။
အဲဒီထဲမှာ သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်စောစုစုထွေးဟာ အရင်ကပရဟိတ အတူလုပ်ဖူးတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပို့စ်အောက်မှာ အမြန်ပြန်လည်တွေ့ဆုံပါစေလို့ သဘောထားမှတ်ချက် ဝင်ရောက်ရေးသားမိလို့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
PDF တွေနဲ့ ဆက်စပ်သူတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဟာ လုံခြုံ ရေးအကြောင်းပြချက်နဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးရာမှာလည်း ဒေသခံတွေထံကနေ ခြိမ်းခြောက်ငွေကြေး တောင်းခံမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၈၀၀ ထက်မနည်း ဖမ်းဆီးခံရပြီး အများစုဟာ ထောင်ဒဏ်ပြစ် ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ
ပုံစာ – အာဏာသိမ်းကာလအတွင်းမွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ ဝင်တွေကဒေသခံတွေကို လိုက်လံဖမ်းဆီးစဉ်