သထုံ၊ ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်ချောစုစုထွေးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။
ဒေါ်ချောစုစုထွေးကို စစ်ကောင်စီတပ်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက သထုံမြို့နယ် သုဓမ္မဝတီမြို့သစ်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်ချောစုစုထွေးဟာ “အရင်တုန်းက ပရဟိတ အတူတူလုပ်ခဲ့ဖူးတဲ့ PDF တစ်ဦးရဲ့ ပိုစ့်အောက်မှာ “အမြန်ဆုံးပြန်လည်ဆုံတွေ့ပါစေဆိုတဲ့ သဘောထားမှတ်ချက် ရေးသားမှုအပေါ် PDF အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတာပါ။
အဲလိုသဘောထား မှတ်ချက်ဝင်ရောက် ရေးသားခဲ့တဲ့ ဒေါ်ချောစုစုထွေးကို စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာ ဖမ်းဆီးဖို့လှုံ့ဆော်ပြီးနောက် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့တာပါ။
ဒေါ်ချောစုစုထွေးကို စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထားလဲ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ရပါတယ်။
ဖမ်းဆီးခံ ဒေါ်ချောစုစုထွေးဟာ စစ်တပ်နဲ့ပြည်ခိုင်ဖြိုးပါတီ အားပေးထောက်ခံသူဆိုပြီး နွေဦးတော် လှန်ရေးထောက်ခံသူအချို့က လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။
အလားတူ ပြီးခဲ့တဲ့ဒီဇင်ဘာ ၅ ရက်နေ့ကလည်း လူမှုကွန်ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သတင်း ပြန်လည်မျှဝေမှုကြောင့် မော်လမြိုင်မြို့ခံ ဦးဇွဲအာကာကို စစ်ကောင်စီတပ်ကနေ ဖမ်းဆီးအမှုဖွင့်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media