လောက်ကိုင် ၊ ဒီဇင်ဘာ ၂၀
တရုတ်ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနဲ့ MNDAA တို့ ကိုးကန့်ဒေသအတွင်း တစ်ပတ်ကျော်ကြာ တိုက်ပွဲရပ်တန့်ခဲ့ရာကနေ အခုရက်ပိုင်းအတွင်း နှစ်ဖက်တပ်တွေ လောက်ကိုင်မြို့ရှိ လောက်ရှမ့်ထန်တကြောမှာ တိုက်ပွဲပြန်လည် ဖြစ်ပွားလာခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက ကိုးကန့်ဒေသ လောက်ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နဲ့ဖီဖာရွှေနေရာကနေပြီး MNDAA ရဲ့ ခံတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာ ဂျက်လေယဉ်နဲ့ သုံးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့ နေ့လည်မှာ စစ်ကောင်စီရဲ့ ရန်စပစ်ခတ်တိုက်ခိုက်မှုကြောင့် MNDAA က ခုခံတဲ့အနေနဲ့ တုန့်ပြန်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့တာလို့ MNDAA က အသိပေးထားတာပါ။
စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီက တာဝန်ရှိသူတွေနဲ့ MNDAA တို့ လောက်ကိုင်မြို့မှာ ဒီဇင်ဘာလကုန်ထိ နှစ်ဖက်အပစ်ခတ်ရပ်စဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ပိုင်း ကိုးကန့်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှု လျော့ကျခဲ့တာ ဖြစ်ပါတယ်။
လတ်တလော စစ်ကောင်စီနဲ့ MNDAA တို့ လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သံလွင်တိုင်းမ်က MNDAA ပြောခွင့်ရသူထံ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိပါဘူး။
အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်အရ ဒီဇင်ဘာ ၁၇ ရက်နေ့က လောက်ကိုင်မြို့နဲ့ ၃ မိုင်လောက်သာဝေးတဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ရန်လုံကျိုင်းဂိတ်ကို MNDAA က ဝင်ရောက်သိမ်းယူပြီး ကိုးကန့်အလံလွှင့်ထူခဲ့တာပါ။
အဲဒီရန်လုံကျိုင်းဂိတ်မှာ စစ်ကောင်စီရဲ့ အစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ နေရာယူထားတာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေအားလုံးဟာ MNDAA ထံ လက်နက်ချ အလင်းဝင်လာခဲ့ကြတာလို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
MNDAA ကတော့ ရန်လုံကျိုင်းဂိတ် သိမ်းပိုက်ရရှိမှု အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်လာတာနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လက်ရှိမှာတော့ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း ရှမ်းမြောက်နဲ့ ရခိုင်ဒေသတို့မှာ စစ်ကောင်စီတပ်စခန်းပေါင်း ၄၂၀ ကျော် ကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ရရှိထားပြီး ရှမ်းမြောက်က မြို့ ၇ မြို့ကို MNDAA နဲ့ TNLA က အလုံးစုံထိန်းချုပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MNDAA