ကိုးကန့်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့အတူ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၂ ဒဿမ ၆ သန်းကျော်အထိ တိုးလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA Myanmar က ထုတ်ပြန်ပါတယ်။

ယူအန်အိုချာမြန်မာရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သန်းနီးပါးရှိခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ၆ သိန်းကျော် ထပ်တိုးလာတဲ့အတွက် စစ်ရှောင်ဒုက္ခသည် ၂ ဒဿမ ၆ သန်းအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးရသူတွေဟာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြား နှစ်ဖက်တိုက်ပွဲတွေအပြင် နိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဖြစ်ပေါ်စေခဲ့ရတာပါ။

ယူအန်အိုချာရဲ့အဆိုအရ အတည်မပြုနိုင်တဲ့ ကွင်းဆင်းအစီရင်ခံချက်တွေအရ အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၃၇၈ ဦးထက်မနည်း သေဆုံးပြီး ၅၀၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတဲ့ အောက်တိုဘာနှောင်းပိုင်းကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊တောင်ပိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ လူပေါင်းခြောက်သိန်းခြောက်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာထွက်ပြေးရသူတွေဟာ အင်အားနည်းလာပြီဖြစ်တဲ့ စစ်တပ်ရဲ့ အဓမ္မလူသစ်စုဆောင်းခံရမှု အန္တရာယ်ကိုလည်း ကြောက်ရွံ့နေကြရတယ်လို့ ဆိုထားပါတယ်။

တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာတော့ ကုန်စည်ပြတ်တောက်မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ယူအန်အိုချာမြန်မာက ပြောကြားထားပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အရပ်သားဘေးကင်းလုံခြုံမှုစတဲ့ အရေးပါတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ယူအန်အိုချာမြန်မာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းမူအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် လေးသန်းကျော်အထိရှိလာပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးပါဝင်နေတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.