နမ့်ခမ်း ၊ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့ကို ညီနောင်မဟာ မိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ်မတော် TNLA က ဒီဇင် ဘာ ၁၉ ရက်နေ့မှာ အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ဒီကနေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
တအာင်းတပ်မတော် TNLA က နမ့်ခမ်းမြို့ကို သိမ်းပိုက်ရရှိဖို့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ထိ ရက်ပေါင်း ၃၁ ရက်ကြာ တိုက်ခိုက်ခဲ့ရတာပါ။
ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီ စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းတွေဖြစ်တဲ့ ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို TNLA က သိမ်းပိုက်ရရှိခဲ့ပါတယ်။
နမ့်ခမ်းမြို့အတွင်း စစ်ကောင်စီတပ်စခန်း အင်အား ၉၀၀ နီးပါးရှိတဲ့ စကခ-၇ နဲ့ လက်အောက်ခံ တပ်ဖြစ်တဲ့ ခြေ လျင်တပ်ရင်း ခလရ-၂၆၁၊ ခြေမြန်တပ်ရင်း ခမရ-၄၂၃၊ ၄၂၆၊ ၄၂၅၊ ၁၄၃ နဲ့ ဒကစ တို့က လာရောက်ထိုးစစ်ဆင်စခန်းချထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ နမ့်ခမ်းတပ်စခန်းကို TNLA က တိုက်ခိုက်နေစဥ်အတွင်း နမ့်ခမ်းမြို့နယ် ဒေသခံ ကလေး၃ ဦးအပါအဝင် ၁၃ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ဒါ့အပြင် ဘာသာရေးအဆောက်အဦး ဘုရားကျောင်း ကန်တွေ၊ ဆေးရုံနဲ့ လူနေအိမ်အလုံး ၇၀ လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်းနဲ့ လူနေအိမ် ၂၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နမ့်ခမ်းစခန်းသစ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာနဲ့ စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ်ဝင် ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တာပါ။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း တွေ၊ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းတွေကို TNLA က သိမ်းဆည်းရမိခဲ့ပါတယ်။
TNLA ဘက်က တိုက်ပွဲကာလအတွင်း စစ်သည်တော် ၄၉ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁၄၅ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိကာ အသက်၊ ခန္ဓာ၊ သွေး၊ ချွေးတွေ ရင်း နှီးပေးဆပ်ရမှုများစွာ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တအာင်းတပ်မတော် TNLA က တအာင်းစော်ဘွားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်မြို့ကို စစ်ကောင်စီလက်ထဲကနေ ၆ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA