ထီးလင်း – ဒီဇင်ဘာ ၁၉
မကွေးတိုင်း၊ထီးလင်းမြို့နယ် ရေမျက်နီစခန်းကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုက ပြောက်ကျားတိုက်ခိုက်ခဲ့တဲ့အတွက် တပ်ရင်းမှူးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ YRA ထီးလင်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က နေအိမ်တစ်လုံးထဲက ထွက်ပြီး ဆိုင်ကယ်စီးဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်သားသုံးဦးကို တိုက်ခိုက်ခဲ့ချိန်မှာ ၃ ဦးလုံးလဲကျသေဆုံးသွားတာဖြစ်ပြီး အဲဒီထဲ မှာ ဂန့်ဂေါမြို့အခြေစိုက် ခလရ – ၅၀ ရဲ့ တပ်ရင်းမှူးနဲ့ သူ့ရဲ့လက်ထောက်အပြင် တခြားတပ်သား တစ်ဦးတို့ဖြစ်တယ်လို့ ဆိုထားတာပါ။
ဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး ရေမျက်နီးစခန်းမှာ တိုက်ပွဲပြင်းထန်ပြီးနောက် ဂန့်ဂေါ ခလရ ၅၀ တပ်က အင်အား ၁၀၀ ဝန်းကျင်ဟာ ရေမျက်နီစခန်းကို စစ်ကူလာရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
“မနက်ပိုင်းကတည်းက တိုက်ခိုက်ပြီးတာပေါ့။တိုက်ခိုက်ပြီးတဲ့အချိန်မှာ စကစ သုံးယောက်သေ တယ်လို့ပဲသိထားတာ။ညနေကျမှ တပ်တွင်းသတင်းရင်းမြစ်ကနေ သေဆုံးသူဟာ တပ်ရင်းမှူး အေးမင်းဖြစ်တယ်ဆိုတာ အတည်ပြုလာတာပါ။”လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ YRA တပ်ရေးမှူး သခင်ဇော်က အတည်ပြုခဲ့ပါတယ်။
ဒေသတိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ၊စခန်းသိမ်း တိုက်ပွဲတွေကို ဖော်ဆောင်နိုင်ပြီဖြစ်တဲ့အတွက် ပြည်သူတွေပူးပေါင်းကူညီပေးကြဖို့လည်း သူက တိုက်တွန်း ခဲ့ပါတယ်။
စစ်ကောင်စီတပ်စွဲထားတာကြောင့် ရေမျက်နီကျေးရွာနဲ့ ပတ်ဝန်းကျင်ရွာတွေက ဒေသခံ ၁၀၀၀ ဝန်းကျင်ဟာ စစ်ဘေးရှောင်နေရပြီး တပ်ရင်းမှူးအပါဝင်သုံးဦးသေဆုံးပြီးနောက်မှာတော့ စခန်း အတွက်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေမျက်နီကျေးရွာအတွင်း စစ်ကူရောက်လာတဲ့ တပ်အင်အား ၁၀၀ ဝန်းကျင်ဟာ ပြည်သူတွေပိုင်ဆိုင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေယူဆောင်တာအပြင် အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၃ ဦးသေဆုံးခဲ့တဲ့တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊၁၇ – YRA ထီးလင်းနဲ့ ဂန့်ဂေါတပ်ရင်း-၁၈ YNRF တို့ရဲ့ ပူးပေါင်းပြောက်ကျားတပ်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YRA