ကော့ကရိတ်၊ ဒီဇင်ဘာ ၂၀
KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ထွက် ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေ့စဉ်နဲ့အမျှ ပိုမိုများပြားလာနေပြီး စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ထပ်မံလိုအပ်နေတယ်လို့ KNU-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
KNU တပ်မဟာ ၆ နယ်မြေထဲမှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားလျက်ရှိတဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြို့ တွင်းနဲ့ ကျေးရွာတွေက ပြည်သူလူထုတွေဟာ ဘေးကင်းလုံခြုံတဲ့နေရာတွေဆီကို ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာအတွင်းက ကောက်ယူထားတဲ့စာရင်းအရ တိုက်ပွဲနဲ့ စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်ထဲမှာ ထွက် ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူလူထု ကိုးသောင်းဝန်းကျင်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့ဒီအထဲမှာ KNU ကော့ကရိတ်မြို့နယ်မှာ သုံးသောင်းကျော်၊ ကျုံဒိုးမြို့နယ်မှာ နှစ်သောင်းကျော်၊ ဝင်းရေးမြို့ နယ်မှာ နှစ်သောင်းကျော်နဲ့ နို့တကောမြို့နယ်မှာ နှစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်း ရှောင်နေကြရပြီး အခုလ ဒီဇင်ဘာလထဲမှာလည်း နေရာအနှံ့မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတဲ့အတွက် ဒူးပလာယာခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ပိုမိုများပြားလာလျက်ရှိနေတယ်လို့ ဆိုထားပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူလူထုတွေကို KNU ဒူးပလာယာခရိုင်က စာရင်းတွေပြုစုပြီး ဘေးကင်းလုံခြုံတဲ့ နေရာဒေသတွေထဲမှာ ယာယီစစ်ရှောင်စခန်းငယ်အဖြစ် နေရာချ ထားပေးတာရှိသလို ကျေးရွာတွေအတွင်း ဒေသခံရွာသားတွေနဲ့အတူ နေထိုင်စေကာ နေရာချထားပေးတာတွေလည်း ရှိတယ်လို့ ဖော်ပြပါတယ်။
အရေးပေါ်အခြေအနေတွေအရ စစ်ဘေးရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ အစားအ သောက်နဲ့ ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုတွေကို KNU ဒူးပလာယာခရိုင်က ကြိုးစားအားထုတ် ကူညီဆောင်ရွက်ပေးလျက် ရှိနေသလို ပြည်တွင်းပြည်ပက အလှူရှင်တွေက လှူဒါန်းလာတဲ့ ထောက် ပံ့မှုတွေကိုလည်း KNU က လက်ခံကြီးကြပ်ကာ KNU ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနကို တာဝန်ပေးအပ်ပြီး လိုက်လံကူညီဆောင်ရွက်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒူးပလာယာခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူလူထုတွေ နေ့စဉ်နဲ့အမျှ ရှိလာတာကြောင့် KNU နဲ့ ပြည်တွင်းပြည်ပကနေ ရရှိလာတဲ့ ကူညီထောက်ပံ့မှုတွေဟာလည်း လုံလောက်မှုမရှိတော့ဘဲ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ထပ်မံလိုအပ်နေတယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT