နမ့်ဆန်၊ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်တပ်ရဲ့ “ငါမသေ ငါ့စခန်းမကျစေရ”ဆိုတဲ့ ဆောင်ပုဒ်ဟာ သမိုင်းတွင်ကျန်ရစ်ခဲ့ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာ့တပ်မတော်ရဲ့ “ငါမသေ ငါ့စခန်းမကျစေရ”ဆောင်ပုဒ်ဟာ အခုချိန်မှာ သမိုင်းတွင်ကျန်ရစ်ပြီး “ငါ့အသက်ကို ညီနောင်မဟာမိတ်သုံးဖွဲ့က ဘယ်အချိန်လာယူမလဲ”ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ခုခံစစ်ကို ဘယ်စစ်ကူမှမပါဘဲ ရင်ဆိုင်နေရတာ အားလုံးအသိလို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာ့တပ်မတော်သားတွေအနေနဲ့ အသက်မသေလိုရင် ပြည်သူ့ရင်ခွင်အမြန်ဆုံး ဝင်ရောက်ခိုလှုံကြဖို့ ထပ်မံတိုက်တွန်းလိုပြီး “အသက်ကိုဉာဏ်စောင့်” ဆိုတာကိုလည်း ညီနောင်သုံးဖွဲ့က စေတနာနဲ့ အသိပေးလိုက်တာပါ။
၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအများစုမှာ စစ်ကောင်စီက စစ်ကူမပေးနိုင်တော့တာကို အတိုင်းသားတွေ့မြင်ခဲ့ရပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုသာ ပြန်လည်ခုခံနေရတာလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်နဲ့ ရခိုင်မှာတပ်စခန်းအကြီးအသေး စုစုပေါင်း ၄၀၀ ကျော်အထိ လက်လွှတ်ဆုံးရှုံးထားရသလို အဲဒီတပ်စခန်းတွေအတွင်း စစ် လက်နက်ပစ္စည်းများစွာကို ညီနောင်သုံးဖွဲ့က သိမ်းပိုက်ရရှိထားတာပါ။
ဒါ့အပြင် ရှမ်းမြောက်ရှိ မြို့ ၆ မြို့နဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ၄ ခုကိုလည်း ညီ နောင်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ကရင်နီကမယ့်စဲမြို့အပါအဝင် စစ်ကိုင်းက မြို့ ၄ မြို့နဲ့ ချင်းကမြို့သုံးမြို့တို့ကိုလည်း စစ်ကောင်စီလက်လွှတ်ခဲ့ရတာပါ။
စစ်ရေး၊နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တစ်ပြည်လုံးအနှံ့ တိုက်ပွဲတွေကြားမှာ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု ကျနေတာဟာ အသက်ပေးခုခံမယ့် စိတ်ဓာတ်စစ်ကောင်စီတပ်မှာ မရှိတော့ဘူးလို့ သုံးသပ်ပါတယ်။
“အရှေ့မြောက်စစ်ဆင်ရေးနဲ့ တစ်ပြည်လုံးအနှံ့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြားထဲမှာ စခန်းတွေ တစ်ခုပြီးတစ်ခု ကျဆုံးနေတာဖြစ်ပါတယ်။ အသက်ပေးပြီး ခုခံကာကွယ်ဖို့ဆိုတဲ့ စိတ်ဓာတ်က စစ်ကောင်စီ စစ်တပ်မှာမရှိတော့ဘူး။ အဲဒါကြောင့် အခုကတော့ အသက်ရှင်ရပ်တည်ရေးအတွက် စစ်ရေးတိုက်ပွဲကြုံလာရင် အလံဖြူထောင်ဖို့ပဲ စဉ်းစားတဲ့အခြေအနေကို ရောက်နေပါပြီ။ အဲဒီအခြေ အနေဟာ စစ်တပ်ပြိုကွဲမှုရဲ့အစပဲလို့ ကျွန်တော်တော့ပြောချင်တယ်”လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ပြီးခဲ့တဲ့လမှာ ရှမ်းမြောက်ရှိ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အောက်က စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ရင်းနှစ်ရင်းရှိ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေအပါအဝင် ပြည်သူ့စစ်နဲ့ ရဲဝန်ထမ်းရာချီ လက်နက်ချအလင်းဝင်လာမှုဟာ မြန်မာစစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲခဲ့တာပါ။
တစ်ဖက်မှာတော့ စစ်ကောင်စီက တရုတ်ကြားဝင်ပေးမှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုရှိခဲ့တဲ့သတင်းကို တရားဝင်ထုတ်ပြန်ခဲ့ပေမယ့် လက် ရှိအထိ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
ဒီဇင်ဘာ ၁၀ ရက်နေ့ နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLA က စတင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာမှာတော့ တပ်စခန်းတွေ စစ်တပ်ပိုင် လက်ဖက်ခြောက်စက်ရုံနဲ့ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတွေကို အလုံးစုံသိမ်းပိုက်ရရှိပြီလို့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာအမြောက် ၄ စင်းအပါအဝင် စံချိန်တင်လက်နက်ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိသလို ရန်သူ့ဘက်က ၆၀ ကျော်သေဆုံးခဲ့ပြီး ရန်သူ့တပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် ၃၆ ဦး အပါ မိသားစုဝင် ၂၈ ဦး စုစုပေါင်း ၆၄ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တာပါ။
နမ့်ဆန်မြို့ဟာ နှစ်ပေါင်း ၆၀ ကျော် စစ်အာဏာရှင် အုပ်ချုပ်မှုကိုခံခဲ့ရတဲ့ တအာင်းစော်ဘွားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး အခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၁၅ ခုနှစ် တအာင်းနှစ်သစ်မှာ မူလပိုင်ရှင်တအာင်းပြည်သူတွေရဲ့ လက်ဝယ်ပြန်လည်အပ်နှံပေးနိုင်ခဲ့ပြီလို့ TNLA က ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ MNDAA TNLA နဲ့ AA တို့အနေနဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မာလူထုတစ်ရပ်လုံးနဲ့ လက်တွဲပြီး လုပ်ဆောင်သွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးနီးပါးအနှံ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို တိုက်ခိုက်နေရတဲ့အတွက် အင်အားမလုံလောက်တာ၊ လမ်းကြောင်းဖြတ်တောက်ခံရလို့ စစ်ကူမပေးနိုင်တာကြောင့် ပြိုလဲတော့မယ့် အနေအထားဆိုက်ရောက်နေပြီလို့ သုံးသပ်ကြ ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media