ဖာပွန်၊ ဒီဇင်ဘာ ၁၉

စစ်ကောင်စီရဲ့ မဆုတ်တမ်းစခန်းတစ်ခုဖြစ်တဲ့ ပွိုင့် ၉၃၉ မိုလိုကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ်တို့က တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့တာနဲ့ တပြိုင်နက်ထဲ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီရဲ့ အခြားတပ်စခန်းတစ်ခုဖြစ်တဲ့ စော်ထစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စခန်းဆုတ်ခွာထွက်ပြေးသွားတယ်လို့ KNLA ဌာနချုပ်က ဒီဇင်ဘာ ၁၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်မြောက်ပိုင်း သံလွင်မြစ်ကမ်းဘေးမှာ နှစ် ၃၀ ကြာ အခိုင်အမာတပ်စွဲထားတဲ့ ဖဲထာဒေသအနီးက စစ်ကောင်စီတပ်ရဲ့ ပွိုင့်-၉၃၉ မိုလိုကျိုးတပ်စခန်းတစ်ခုလုံးကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA နဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပွိုင့် ၉၃၉ မိုလိုကျိုးတပ်စခန်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက KNLA နဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေမယ့် ၀ိုင်းဝန်းပိတ်ဆို့ထားကာ အခု ဒီဇင်ဘာလ ၁၆ နေ့မှာ ဒုတိယအကြိမ် ထိုးစစ်ဆင်တဲ့အချိန်မှာသာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ဖဲထာအနီး ပွိုင့် ၉၃၉ မိုလိုကျိုးတပ်ဟာ ကရင်နီပြည်နယ်နဲ့ ထိစပ်တဲ့ မူတြော်ခရိုင်နယ်မြေအတွင်းမှာ တည်ရှိတဲ့ တပ်စခန်းတစ်ခုဖြစ်ကာ အဲဒီတပ်စခန်းအောက်ဘက်မှာ စော်ထာ၊ သိမူထာ တပ်စခန်းတို့ တည်ရှိပြီး သိမူထာတပ်စခန်းကို ၂၀၂၁ ခုနှစ် မတ်လထဲမှာ KNLA တပ်က သိမ်း ပိုက်ရရှိထားတာလို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ပွိုင့် ၉၃၉ မိုလိုကျိုးတပ်စခန်းကို သိမ်းပိုက်နိုင်လိုက်တာနဲ့ တပြိုင်နက်ထဲ စော်ထာစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ တပ်စခန်းကို စွန့်လွှတ်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ မဆုတ်တမ်းစခန်းတစ်ခုဖြစ်တဲ့ ပွိုင့် ၉၃၉ မိုလိုကျိုးတပ်စခန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ခဲယမ်းဗုံးသီးမျိုးစုံကို သိမ်းပိုက်ရရှိထားတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ KNLA ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.