ဘန်ကောက်၊ ဒီဇင်ဘာ ၂၀

ထိုင်း- မြန်မာနယ်စပ်အနီး  မြောက်ပိုင်းခရိုင်မှာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူလို့ သံသယရှိသူ ၁၅ ဦးဟာ ထိုင်းစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း တပ်မတော် အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပစ်ခတ်မှုဟာ ကြာလရှည်ကြာ မူးယစ်ဆေးဝါးမှောင်ခိုကူးသန်း ရောင်းဝယ်ရေးဗဟိုချက်မဖြစ်တဲ့ ထိုင်း၊ မြန်မာနဲ့ လာအိုတို့ဆုံရာ ရွှေတြိဂံအနီး ချင်းရိုင်ခရိုင် မယ်ဖာလုံဒေသန္တရမှာ ဒီဇင်ဘာ ၁၇ ရက်နေ့ညနေက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအပြီးမှာ မက်သာဖက်တမင်း ဆေးပြား နှစ်သန်းကျော်ပါဝင်တဲ့ အိတ် ၁၇ အိတ်ကို ရဲအရာရှိတွေက စစ်ဆေး တွေ့ရှိခဲ့တယ်လို့ စစ်တပ်အရာရှိက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

“၁၅ ဦးစလုံးက ထိုင်းလူမျိုးတွေ ဟုတ်၊မဟုတ်ဆိုတာကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး”လို့ အမည်မဖော်လိုသူတစ်ဦးက ဆိုပါတယ်။

တရားမဝင် မက်သာဖက်တမင်းတွေကို မြန်မာနိုင်ငံမှာ အဓိကထုတ်လုပ်ပြီး အများစုမှာ ထိုင်းနဲ့ လာအိုနိုင်ငံတို့မှတဆင့် တင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတွင်း ကမောက်ကမတွေ ဖြစ်ခဲ့ပြီး စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ကြုံတွေ့နေရပေမယ့် ပဋိပက္ခဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မှာတော့ အဲဒီမူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှုမှာ အရှိန်အဟုန်ကြီးထွားနေခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာ နယ်စပ်တလျှောက်ရှိ တောတောင်တွေမှာ တပ်မတော်ကင်းလှည့်သူတွေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမား တွေအကြား ပစ်ခတ်မှုတွေဟာ ထူးဆန်းတဲ့အရာမဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း  မှောင်ခိုသမားတစ်ဦးနဲ့ ရဲအရာရှိတစ်ဦးတို့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့တစ်နှစ်ကလည်း ချင်းရိုင်မှာသံသယရှိသူ ၁၅ ဦးမှ နယ်စပ်ဖြတ်ကူးဖို့ ကြိုးပမ်းစဉ် ထိုင်းစစ်တပ်က ပစ်သတ်ခံခဲ့ရဖူးပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.