ပြင်ဦးလွင်၊ ဒီဇင်ဘာ ၁၀

တပ်မတော်သားတွေအနေနဲ့ ပေးအပ်လာတဲ့တာဝန်တွေ ထမ်းဆောင်ရာမှာ မိမိကိုယ်ကိုသာမက နိုင်ငံနဲ့ စစ်တပ်အပေါ် သစ္စာရှိဖို့နဲ့ ယုံကြည်ချက်၊ခံယူချက် မြင့်မားစွာ ထားရှိဖို့လိုကြောင်း စစ်ခေါင်း ဆောင်က အလေးအနက်အထား မှာကြားနေရပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) သင်တန်းဆင်းပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ် လောင်းတွေကို စစ်တပ်အပေါ် သစ္စာစောင့်သိဖို့ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က အမိနိုင်ငံတော်နဲ့ စစ်တပ်အပေါ် သစ္စာစောင့်သိပြီး ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကြမယ့် နောင်တစ်ခတ်ရဲ့ အောင်စစ်သည်တွေဖြစ်အောင် ကြိုးစားကြဖို့ မှာကြားခဲ့ပါတယ်။

CDM ဗိုလ်ကြီး ကောင်းသူဝင်းကတော့ မြေပြင်ကိုစတင်ထိတွေ့ကြမယ့် ကျောင်းဆင်းကာစ တက်ကြွနေကြတဲ့ အရာရှိတွေကို လုပ်ကိုင်ချင်စိတ်တွေ ပိုပြီးအသုံးချလို့ကောင်းအောင် ဒီလိုစကားမျိုး ပြောတာလို့ သူ့အမြင်ကို ပြောပါတယ်။

“မြေပြင်ကို စတင်ထိတွေ့ဖို့ ဆင်းသက်တဲ့အချိန်မှာ သူတို့တွေကို စစ်တပ်ပဲကောင်းတယ်။ စစ်တပ်ပဲ မှန်တယ်ဆိုတဲ့ဟာတွေကို ဆက်လက်ပြီးစည်းရုံးနိုင်ဖို့ ဒီလိုမျိုးစကားတွေကို ပြောရခြင်းဖြစ်တယ်။ နောက်ပြီးတော့ ကျောင်းဆင်းကာစ အရာရှိငယ်တွေဆို လုပ်ချင်ကိုင်ချင်စိတ် လုပ်ပြချင်တဲ့စိတ်တွေ အများကြီးရှိတဲ့အတွက် သူတို့တွေကို ပိုပြီးခိုင်းလို့ကောင်းအောင်၊ ပိုပြီးတော့ အသုံးချလို့ကောင်းအောင် အဲဒီလိုမျိုး စကားတွေပြောတယ်။ ကျောင်းဆင်းခါစ အရာရှိငယ်လေးတွေကလည်း ကျောင်းဆင်းဆင်းခြင်းဆိုတော့ အရမ်းတက်ကြွပြီးလုပ်တယ်ဆိုတဲ့ အနေအထားမျိုးတွေမှာ ပိုပြီးလုပ်လို့ရအောင် ဒီလိုမျိုးစကားတွေ ပြောရခြင်းလို့ထင်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုကျောင်းဆင်းထားတဲ့ အရာရှိငယ်တွေဟာ အာဏာမသိမ်းခင်ကတည်းက စစ်တက္က သိုလ် ဗိုလ်လောင်းသင်တန်းကို တက်ရောက်နေကြသူတွေဖြစ်တာကြောင့် လက်ရှိမြေပြင်အခြေ အနေနဲ့ ထိတွေ့မှုအားနည်းနေတဲ့အပေါ် အသုံးချဖို့သာဖြစ်တယ်လို့ သူကမှတ်ချက်ပြုပါတယ်။

တပ်မတော်လို့ ခေါ်ဝေါ်သုံးနှုန်းလေ့ရှိတဲ့ မြန်မာစစ်တပ်အနေနဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းကနေ မျက် မှောက်ကာလအထိ ဒီမိုကရေစီတစ်လှည့် စစ်အာဏာသိမ်းမှုတစ်လှည့်နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းထဲ ဝင်ရောက်စွက်ဖက် ကျင်လည်ခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်လက်ထက်မှာတော့ မဲစာရင်းမှားယွင်းမှု အ ကြောင်းပြချက်နဲ့ နိုင်ငံကို စစ်အုပ်ချုပ်မှုအောက်ကနေ ပြန်လည်သွတ်သွင်းဖို့ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ပေမယ့် တစ်နိုင်ငံလုံးအနှံ့ ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းမှုသုံးနှစ်နီးပါးအတွင်း စစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပစ် လိုက်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်ဟာ အရေးမလှတဲ့ အနေအထားကို ရောက်ရှိနေတာပါ။

စစ်ခေါင်းဆောင်ကတော့ မိမိကိုယ်ကို မိမိအဖွဲ့အစည်းနဲ့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး ပေး အပ်တဲ့တာဝန်တွေကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး ဆက်ကြိုးစားကြဖို့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ထူးချွန်ဆုရ ဗိုလ်လောင်းငါးဦးကို ခေါ်ယူတွေ့ဆုံကာ တိုက်တွန်းထားပါသေးတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ အခုချိန်မှာ စစ်ခေါင်းဆောင်အနေနဲ့ တပ်မတော်သားတွေကို ပြန်ပြီး ရဲဆေးတင်ပေးနေရတဲ့ အခြေအနေရောက်သွားတယ်လို့ သုံးသပ်ပါတယ်။

“အခုချိန်ခါမှာ သူ့အနေနဲ့ တပ်မတော်သားတွေကို ပြန်ပြီးပန်ကြားနေရတာပေါ့။ ရဲဆေးတင်ပေးနေရတာပေါ့။ အဲဒီလိုအခြေအနေကြီး ရောက်သွားတယ်လို့ ပြောနိုင်တယ်။ ဒီအခြေအနေအတိုင်း ဆက်သွားနေရင်တော့ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအရလျော့နည်းပြီး သူတို့ထိန်းချုပ်နိုင်တဲ့ စခန်းတွေ၊ မြို့တွေ တဖြည်းဖြည်း အကုန်လုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအောက်ကို ရောက်သွားနိုင်တဲ့ အခြေအနေရှိနေတဲ့အတွက် စိုးရိမ်စိတ်နဲ့ အဲဒီလိုပြောနေတာလို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ သန္ဓေတည်ရာ ရှမ်းမြောက်ဒေသမှာ တိုက်ခိုက်ရေးတပ် ရင်း နှစ်ရင်းအထိ လက်နက်ချအလင်းဝင်သွားခဲ့သလို တပ်စခန်းပေါင်း ၂၅၀ ကျော်အထိ လက်လွှတ်ထားရပြီး သိမ်းဆည်းခံရတဲ့ စစ်လက်နက်ပစ္စည်းတွေလည်း မရေတွက်နိုင်အောင် များပြားနေတာပါ။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ နိုဝင်ဘာအတွင်း စစ်တပ်ကနေ လက်နက်ချအလင်းဝင်လာသူ ၃၇၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၅၀ ကျော် စုစုပေါင်း ၄၃၀ ကျော်အထိ ရှိခဲ့ပြီး တိုက်ပွဲအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းတစ်ရာဝန်းကျင်ရှိတယ်လို့ RFA မြန်မာပိုင်းက ဖော်ပြပါတယ်။

ဒီအခြေအနေမှာ စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ စစ်ပြေးတွေ၊ ခွင့်မဲ့တွေ၊ ထောင်ကျနေတဲ့ စစ်သားတွေကို တာဝန်ပြန်လည်ထမ်းဆောင်လိုရင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုပြီး နီးစပ်ရာတပ်တွေမှာ ပြန် လည်လက်ခံပေးသွားမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

လတ်တလောမှာတော့ စစ်ကောင်စီတပ်ဟာ ၂၄ နာရီအတွင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီး သီးကနေ ထောင်ကျနေတဲ့ စစ်သားတစ်သောင်းနီးပါးကို တပ်ထဲပြန်ခေါ်သွားတယ်လို့ အကျဉ်းဦးစီး ဌာန သတင်းအရင်း အမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာနောင်းက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.