မော်လမြိုင်၊ ဒီဇင်ဘာ ၁၀နိုင်ငံတဝန်းရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာတဲ့အတွက် လူမှုစီးပွားဘဝတွေ အထွေထွေအကျပ်အတည်း ထပ်ဆိုက်လာတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

အာဏာသိမ်းကာလအတွင်း စက်သုံးဆီပြတ်လပ်မှုကို မကြာခဏရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ အခုဒီဇင်ဘာလကစပြီး ဆီပြတ်လပ်မှုကို အဆိုးဝါးဆုံးထပ်မံကြုံတွေ့နေရသလို ဆီရရှိရေးအတွက် နာရီနဲ့ချီ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရတာပါ။

စက်သုံးဆီဝယ်ယူရာမှာလည်း စက်သုံးဆီအရောင်းဆိုင်တွေက ကားတစ်စီးကို ကျပ် ၃၀၀၀၀ ဖိုး၊ ဆိုင်ကယ်တစ်စီးကို ကျပ် ၅၀၀၀ ဖိုးသာ ရောင်းပေးနေတဲ့အတွက် ဆီမလုံလောက်တာအပြင် လုံးဝဝယ်ယူလို့မရတဲ့ အခြေအနေတွေနဲ့ပါ ထပ်မံကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတစ်ဦးကတော့ စက်သုံးဆီတွေကို အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရတဲ့အတွက် အလုပ်အကိုင်တွေကအစ ပျက်လာရသလို မိသားစုဝတ်စားဝတ်ရေးအတွက်ပါ အခက် အခဲရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆီအခြေအနေက ဘယ်လောက်ထိ ဆိုးရွားလဲဆိုတော့ နေပူထဲမှာလူတွေက မော်လမြိုင်မြို့မှာ ဘယ်မှာဆီရောင်းတယ်ဆိုရင် အလုအယက်ပြေးကြ၊ ဆီရလိုရငြား တန်းသွားစီရင်းစီရင်းကနေပြီးတော့ သူ့အလုပ်က အချိန်လွန်ပြီးတော့ အလုပ်ပျက်တယ်။ သူ့နားရောက်ခါနီးမှ ဆီကရောင်းတာရပ်လိုက်တဲ့အခါကျတော့ အလုပ်လည်းပျက်တယ်။ ဆီလည်းမရဘူး ဖြစ်နေတယ်” လို့ ဆိုပါတယ်။

စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ကြုံတွေ့လာရတဲ့အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝတွေအပြင် သွားရေးလာရေးကအစ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

စက်ရုံလုပ်ငန်းရှင်တစ်ဦးက စက်သုံးဆီပြတ်လပ်လာတာကြောင့် လက်ကျန်ဆီတွေ လုပ်ငန်းတွေ လည်ပတ်နေရပေမယ့် ဆီထပ်မရပါက လုပ်ငန်းရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“အခုလက်ရှိအခြေအနေကတော့ စက်ရုံတွေကရှိတဲ့ဆီကျန်လေးနဲ့ ဆက်လုပ်နိုင်သေးတယ်။ ဒီဆီကျန်လေးကုန်သွားလို့ နောက်ဆီထပ်မဝင်တော့လည်း စက်ရုံတွေကနည်းနည်းတော့ မတွေးဝံ့စရာပေါ့။ ပိတ်ရရင်လည်း ပိတ်ရမှာပေါ့” လို့ ဆိုပါတယ်။

စက်သုံးဆီပြတ်လပ်မှုကြောင့် လယ်ယာလုပ်ငန်းခွင်တွေမှာ စပါးရိတ်သိမ်းဖို့နဲ့ ဆောင်းသီးနှံတွေ စိုက်ပျိုးရေးအတွက် ထွန်းယက်ဖို့ကအစ အခက်ခဲရှိသလို တချို့လုပ်ငန်းခွင်တွေဟာ ဆီမရတာကြောင့် ရပ်နားထားရတဲ့အထိ ဖြစ်ပေါ်နေပါတယ်။

စက်သုံးဆီပြတ်လပ်မှုနဲ့အတူ စက်သုံးဆီဈေးနှုန်းကလည်း တစ်လီတာကို ကျပ် ၂၇၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး မှောင်ခိုဈေးကွက်မှာတော့ တစ်လီတာကို ကျပ် ၅၀၀၀ ကနေ ကျပ် ၇၀၀၀ အထိ ပေါက်ဈေးရှိတာ ဖြစ်ပါတယ်။

တက္ကဆီမောင်းသူတစ်ဦးက စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီလိုသလောက် မရတာကြောင့် တစ်ဆိုင်ပြီးတစ်ဆိုင် သွားရောက်တန်းစီဝယ်ယူနေရသလို အလုပ်မလုပ်နိုင်ဘဲ ဆီရရှိဖို့အတွက်ကိုသာ အရေးတကြီး လုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။

“ဘယ်လောက်ထိ ထိခိုက်လာသလဲဆိုရင် ဆီမလောက်လို့ ဆီတန်းစီတယ်ဆိုရင်တောင်မှ တကယ့်တကယ် နေ့စားသမားတွေ အလုပ်ခေါ်တာ အလုပ်မသွားနိုင်ကြတော့ဘူး။ ဆီရဖို့အတွက်အရေးကြီးသွားပြီ။ ပိုက်ဆံရဖို့အတွက်အရေးမကြီးတော့ဘူး။ ဒုက္ခရောက်တာတော့ အများကြီးပဲ” လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ စက်သုံးဆီတွေ ဆိုးရွာစွာပြတ်လပ်နေပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီတွေ အလုံအလောက်ရှိနေသလို သီလဝါဆိပ်ကမ်းမှာလည်း ဆီတင်သင်္ဘောတွေ ထပ်မံဝင်ရောက်နေတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြောဆိုပါတယ်။

စီးပွားရေးပညာရှင်တွေကတော့ စက်သုံးဆီပြတ်လပ်မှုပြဿနာကို စစ်ကောင်စီအနေနဲ့ အချိန်တိုအတွင်း မဖြေရှင်းနိုင်ပါက မြန်မာ့စီးပွားရေးတစ်ခုလုံး ပြိုလဲသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.