ကျိုက်ထို၊ ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာက ချိပ်ပိတ်ခံထားရတဲ့နေအိမ်ရှိ အတွင်းပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၈ ရက်နေ့ နေလည်ပိုင်းမှာ လာရောက်ခိုးထုတ်သွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ချိပ်ပိတ်ခံထားရတဲ့ ဦးကိုကိုနိုင်ရဲ့နေအိမ်ကို ကွာလီရဲစခန်းက ရဲကင်းမှူးဦးဆောင်ကာ ရဲနဲ့စစ်တပ်အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်အင်အား ၁၀ ဦးကျော်ဟာ ကား ၃ စီးနဲ့ ရောက်ရှိလာခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ နေအိမ်အရှေ့မှာ အစောင့်တွေချပြီး နေအိမ်အတွင်းရှိ အတွင်းပစ္စည်းတွေကို ကားပေါ်တင်ယူဆောင်သွားသလို ဒေသခံတွေကိုလည်း ဖြတ်သန်းသွားခွင့် ခေတ္တပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ဦးကိုကိုနိုင်ရဲ့ နေအိမ်ထဲက ရေခဲသေတ္တာ၊ အဲယားကွန်း၊ ပန်ကာ၊ သေ တ္တာတစ်လုံးနဲ့ခုံတွေအပါအဝင် တန်းဖိုရှိပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ယူဆောင်သွားတဲ့ သေတ္တာထဲမှာ ဦးကိုကိုနိုင်မိသားစုတွေ စုဆောင်းထားတဲ့ ငွေကျပ်သိန်း ၆၀ နဲ့ရွှေထည်တန်ဖိုး ကျပ်သိန်း ၃၀၀ နီးပါးပါသွားတယ်လို့ သိရပါတယ်။

ဦးကိုကိုနိုင်နေအိမ်ကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း လာရောက်ချိပ်ပိတ်ထားတာပါ။

ဦးကိုကိုနိုင်ဟာ စစ်တပ်အာဏသိမ်းမှုကို ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေရတာဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း PDFနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီကနေ နေအိမ် ၁၀ လုံးထက်မနည်း ချိပ်ပိတ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.