မိကော့သောင်း၊ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ဖောသုတ်ကျေးရွာအနီးမှာ နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အမှတ်(၅၈၄)ခြေမြန်တပ်ရင်းက တပ်ရင်းမှူးဦးဆောင်တဲ့ အင်အား ၅၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၁၀ နာရီအချိန်က ဖောသုတ်ကျေးရွာအရောက်မှာ ခြုံခိုတိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် မိနစ်၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ကြပ်တစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ဆိုပါတယ်။တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စစ်ကြောင်းထပ်မထွက်ဘဲ ဖောသုတ်ကျေးရွာအနီးမှာပဲ လမ်းသွားလမ်းလာပြည်သူတွေ တစ်နေ့ကုန်နီးပါးအကြာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာမှာ စစ်ကောင်စီ စစ် ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ကော့သောင်းပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.