ညောင်လေးပင်၊ ဒီဇင်ဘာ ၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်ထဲကို ဒီဇင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၇ ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီ ၅ ရက်အတွင်းမှာ စစ်ကောင်စီအခြေစိုက်တပ်ရင်းနဲ့တပ်စခန်းတွေကနေ ညောင်လေးပင်ခရိုင် ရွှေကျင်နဲ့ကျောက်ကြီးမြို့နယ်အတွင်းရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီး ၆၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒီဇင်ဘာ ၅ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာနေ အသက် ၂၇ အရွယ် ကိုအောင်ကြီး သေဆုံးပြီး အရပ် သား ၂ ဦး ဒဏ်ရာရရှိခဲ့သလို ရေဖြူကန်ကျေးရွာနေ မောင်ထင်ရှားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ အမှတ်(၆၀) ခြေလျင်တပ်ရင်းကနေ လက် နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကျွဲခြံကျေးရွာနေ ဦးကျော်ခင်ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေ့မှာပဲ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၅၇) ခြေလျပ်တပ်ရင်းရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း စစ်ရှောင်ပြည်သူတွေဖြစ်တဲ့ မမေသဉ္ဇာမိုး၊ မောင်ထက်နိုင်နဲ့ မတအယ်ထွေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မတအယ်ထွေးရဲ့ ဒဏ်ရာဟာ ပြင်းထန်မှုရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း ပြည်သူပိုင်နေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသ ခံပြည်သူခုနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.