ဂျာကာတာ၊ ဒီဇင်ဘာ ၁၀
အင်ဒိုနီးရှားနိုင်ငံမှာ သားသမီး ၄ ဦးအား သတ်ဖြတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီးရင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် ၁ နှစ်က ၆ နှစ်အထိရှိပြီး မြို့တော်ဂျာကာတာ တောင်ဘက် ဂျာဂါကာဆာခရိုင်မှာ ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။
ဂျာကာတာတောင်ပိုင်းရှိ ပြစ်မှုစုံစမ်းစစ်ဆေးရေးဌာန ကြီးကြပ်ရေးမှူးဗင်တိုရိုက ကလေးတွေရဲ့ ဖခင်ဟာ ဓားတစ်လက်ကိုကိုင်ဆောင်ကာ အိမ်သာထဲ ဒဏ်ရာတွေ၊ဝတ်လစ်စလစ်တွေနဲ့ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
“ထိခိုက်ခံရသူတွေရဲ့ အဖေဟာ သံသယတရားခံဖြစ်ပါတယ်၊ ပြီးတော့သူဟာ ကိုယ့်ကိုကိုယ် သတ်သေဖို့လည်း ကြိုးစားခဲ့ပါတယ်၊ လက်ရှိမှာတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်”လို့ ကြီးကြပ်ရေးမှူးဘင်တိုရိုက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း သံသယရှိသူဟာ သူ့ရဲ့ ဇနီးဖြစ်သူ ကလေးတွေရဲ့ မိခင်ကို အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Jakarta Globe ကဖော်ပြထားပြီး ရိုက်နှက်မှုမှာ ပြင်းထန်လွန်းတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဆေးရုံကိုတင်ပို့ထားရချိန် ကလေးတွေကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးကို အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံခဲ့ရပေမယ့် ကလေးတွေကို ပြုစုစောင့်ရှောက်မယ့်သူ မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
သံသယရှိသူဟာ ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ ၃ ရက်နေ့က သယ်ဆောင်လာတာကို အိမ်နီးချင်းတစ်ဦးက တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။
Ref: The Straits Times