ဆိုးလ်၊ ဒီဇင်ဘာ ၁၀

ခရစ်ပတိုငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ဂြိုလ်တုလွှတ်တင်မှုတွေအပါအဝင် မြောက်ကိုရီးယားရဲ့ ဆိုက်ဘာ ထောက်လှမ်းရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ဒီဇင်ဘာ ၉ ရက်နေ့မှာ သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားခဲ့ပါတယ်။

ထောက်လှမ်းရေးဂြိုလ်တုတွေ ထပ်မံလွှတ်တင်သွားမယ်လို့ ပြုံယမ်းက သတိပေးနေချိန်မှာပဲ သုံးနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေးတွေက ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက အမေရိကန်ရှိ ကမ့်ဒေးဗစ်မှာ သမ္မတ ဂျိုးဘိုင်ဒင်က ဦးဆောင်ပြုလုပ်ခဲ့တဲ့ သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေက လုံခြုံရေး နဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ဖို့ ကတိပြုခဲ့တဲ့အတိုင်းပဲ အခုချိန်မှာ ကတိကဝတ်တွေကို လိုက်နာဆောင်ရွက်နေပြီလို့ အကြံပေးဆူလီဗန်က ပြောဆိုခဲ့တာပါ။

“မြောက်ကိုးရီးယားရဲ့ ဆိုက်ဘာရာဇဝတ်မှုနဲ့ ခရစ်ပတို ငွေကြေးခဝါချမှုတွေ၊ အဆင်အခြင်မဲ့ အာကာသနဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေအထိ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ နိုင်ငံသုံးနိုင်ငံက အစပြုမှုအသစ်တွေကို ကျွန်တော်တို့စတင်လုပ်ဆောင်ခဲ့တယ်” လို့ ဆူလီဗန်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ တရားမဝင်ဆိုက်ဘာ လှုပ်ရှားမှုတွေ ဟာ လတ်တလောစိန်ခေါ်မှုတွေအဖြစ် ပေါ်ပေါက် လာခဲ့တာလို့ ဂျပန်ရဲ့ အကြံပေးတာကီယို အာကီဘက ပြောပါတယ်။

သုံးနိုင်ငံတွေ့ဆုံမှုဟာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအပါအဝင် အရှေ့နဲ့ တောင်တရုတ်ပင်လယ်တွေမှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် ဆက်လက် ရပ်တည်နေကြောင်း ဆူလီဗန်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ပြုံယမ်းဟာ အခြားနိုင်ငံတွေလိုပဲ မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်အတွက် အာကာသဖွံ့ဖြိုးမှုရဲ့ တစ်စိတ်တစ်ပိုင်း လို့ဆိုကာ ထောက်လှမ်းရေးဂြိုဟ်တုတွေကို ထပ်မံလွှတ်တင်ဖို့ ဆုံးဖြတ်ထားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ထပ်မံကြေညာထားပါတယ်။

မြောက်ကိုရီးယားရဲ့ ဂြိုလ်တုလွှတ်တင်မှုဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတဲ့ ပဲ့ထိန်း ဒုံးကျည်နည်းပညာတွေပါဝင်တယ်လို့ ဆူလီဗန်က အဲဒီပြောဆိုချက်ကို ထောက်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေအတွက် ရန်ပုံငွေစုဆောင်းဖို့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို အသုံးပြုနေတယ်လို့ စောင့်ကြည့်သူတွေက စွပ်စွဲထားပါတယ်။

ဒါ့အပြင် ပြုံးယမ်းဟာ ခရစ်ပတိုငွေကြေးခိုးယူရာမှာ ၂၀၂၂ ခုနှစ်တွင် အခြားနှစ်တွေထက် ခေတ်မီနည်းပညာ တွေကို အသုံးပြုခဲ့တယ်လို့ ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြထားပြီး ဟက်ကာ ဒါမှမဟုတ် အခြားသော ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ စွပ်စွဲချက်တွေကို မြောက်ကိုရီးယားက ငြင်းဆိုထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.