ဘန်ကောက်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်လုပ်ဆောင်မယ့် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာ အကူအညီပေးရေးအေဂျင်စီတွေ ပါဝင်လာဖို့ လုပ်ဆောင်မယ်လို့ ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

အဲဒီအစီအစဉ်ဟာ မြန်မာနိုင်ငံနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းကြား အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုဆီကို ဦးတည်သွားဖို့ မျှော်လင့်တယ်လို့ ဝန်ကြီးဌာနက ဆိုထားတာပါ။

တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အရပ်သားတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ ထိုးစစ်တွေကြောင့် လူ ၃ သိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုထားပြီး ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်မှုတွေကြောင့်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၂ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းစစ်တပ်ဟာ မြေပြင် တိုက်ပွဲတွေမှာ အထိနာနေတဲ့အတွက် အရပ်သားတွေကို ပိုမိုဖိနှိပ်တာတွေလုပ်ဆောင်လာလို့ ဒုက္ခသည်တွေဟာ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ထွက်ပြေးတာတွေရှိနေတာပါ။

“မြန်မာဘက်ကလည်း ဒီကိစ္စကို ဆွေးနွေးဖို့ ထိုင်းနိုင်ငံကို မကြာခင်မှာ အလုပ်အဖွဲ့တစ်ဖွဲ့ စေလွှတ်မှာပါ” လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အကူအညီပေးရေးအလုပ်အဖွဲ့က ပြောပါတယ်။

ဒါ့အပြင်”ကနဦးအဆင့် အကောင်အထည်ဖော်မှု အောင်မြင်ပါက အခြားသော အကူအညီပေးရေး အေဂျင်စီတွေကို နောင်မှာ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်နိုင်ဖို့ ဖိတ်ကြားမှာဖြစ်တယ်” လို့ အဲဒီအဖွဲ့က ပြောပါသေးတယ်။

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးမှာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဆုံးဖြတ်ချက်ဖြစ်နိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီဘက်ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှုကို ထုတ်ပြန်ထားပေမယ့် ရိုက်တာက ဆက်သွယ်မေးမြန်းချိန်မှာတော့ ပြန်လည်ဖြေဆိုတာမရှိဘူးလို့ ဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာ မြန်မာစစ်ကောင်စီဟာ အာဆီယံအဖွဲ့ချမှတ်ထားတဲ့ ဘုံသဘောတူညီ ချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ပိတ်ပင်ခံထားရပါတယ်။

Ref: Asiaone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.