နေပြည်တော်၊ ဒီဇင်ဘာ ၉တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းစွမ်းတမံ ထမ်းဆောင်မှုအပေါ် စစ်ကောင်စီက ဘွဲ့တံဆိပ်တွေ ချီးမြှင့်ပေမယ့် နိုင်ငံတဝန်းရှိမြို့တွေ တပ်စခန်းတွေ ဆက်တိုက်အသိမ်းခံနေရတဲ့ ကျဆုံးမှုကို စိတ်ဓာတ်ရေးရာအရ မမြှင့်တင်နိုင်ဘူးလို့ အကဲခတ်တွေက ဝေဖန်နေကြပါတယ်။
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လူပုဂ္ဂိုလ် ၁၅၀ နီးပါးကို ဒီဇင်ဘာ ၇ ရက်နေ့ မှာ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ကြောင်း ကြေညာခဲ့တာပါ။
တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ သူရဘွဲ့နဲ့ သူရဲကောင်းမှတ်တမ်းဝင်တံ ဆိပ်တို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်တွေဖြစ်တဲ့ ရဲသူရတံဆိပ်နဲ့ ရဲဗလတံဆိပ်တို့ကို ချီးမြှင့်ခဲ့တာပါ။
အဲဒီဘွဲ့တံဆိပ်တွေထဲမှာ သူရဘွဲ့ကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီးနဲ့ ဒုတိယ ဗိုလ်မှူး ကြီး နှစ်ဦးစီရရှိခဲ့ကြပြီး ရဲဗလတံဆိပ်ကိုတော့ ရဲတပ်ဖွဲ့အပြင် အကျဉ်းဦးစီးဌာနက ညွန်ကြားရေးမှူးရာထူးကနေ တပ်သားအဆင့်ထိ ၁၁ ဦးကို ချီးမြှင့်ပေးထားတာပါ။
ထူးခြားချက်အနေနဲ့ ရဲဗလတံဆိပ်ချီးမြှင့်ခံရသူတွေထဲမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်ပိုင်နံပါတ်နဲ့ ရာထူးဖော်ပြမထားတဲ့ အမျိုးသမီး ၁၄ ဦး ပါဝင်ပြီး ရှမ်းနဲ့မကွေးတိုင်းက လူပုဂ္ဂိုလ် ၁၉ ဦးလည်း ပါဝင်နေပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘွဲ့တံဆိပ်ချီးမြှင့်ခံရသူတွေထဲမှာ နိုင်ငံ့ဝန် ထမ်းတွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ သာမန်ပြည်သူလူထုတွေပါဝင်ပြီး အားလုံးကို အသိအမှတ်ပြုဂုဏ်ယူတယ်လို့ ဒီ ဇင်ဘာ ၈ ရက်နေ့ထုတ် စစ်တပ်ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။
CDM တပ်ကြပ်ကြီး ဇေယျကတော့ စစ်ကောင်စီအနေနဲ့ စစ်တပ်ကို စစ်တပ်ပုံစံနဲ့ မှန်မှန်ကန်ကန် ဖွဲ့စည်းထားရင် အခုလိုမျိုးပရမ်းပတာ လိုက်လုပ်စရာမလိုသလို သွေးရူးသွေးတန်းနဲ့ထပြီး စိတ် ဓာတ်မြှင့်တင်လည်း မမီတော့ဘူးလို့ ပြောပါတယ်။
“အရင်ကတည်းကသာ စစ်တပ်ကိုစစ်တပ်ပုံစံနဲ့ စနစ်တကျ စစ်တပ်က စစ်တပ်အလုပ်ကို သေချာလုပ်ပြီး မှန်မှန်ကန်ကန်နဲ့ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားတဲ့ စစ်တပ်သာဆိုလို့ရှိရင် သူတို့အခုဖြစ်နေတဲ့ ပုံစံမျိုးတွေ ပရမ်းပတာမျိုးတွေလိုက်ပြီး လုပ်စရာမလိုဘူး။ အခုလိုအခြေအနေတွေဖြစ် လာတဲ့အတွက်လည်း အခုမှသွေးရူးသွေးတန်းနဲ့ ထပြီးတော့ စိတ်ဓာတ်မြှင့်တင်တာတွေ ဘာတွေလျှောက်လုပ်နေတာ။ အခုချိန်မှာတော့ အဲဒီစိတ်ဓာတ်မြှင့်တင်လည်း မမှီတော့ဘူး။ ဒါကရေတိုကုသနည်းတွေ ဘာမှအလုပ်မဖြစ်ဘူး”လို့ ဆိုပါတယ်။
သူရဘွဲ့တံဆိပ်ဟာ တိုက်ပွဲအတွင်း ရွံ့ရွံ့ချွံချွံထမ်းဆောင်ခဲ့သူကို ပေးအပ်တာဖြစ်တဲ့အတွက် ကျဆုံးသူရော အသက်ရှင်ကျန်ရစ်သူပါ ပေးအပ်တာဖြစ်ပြီး အခြားသော ဘွဲ့တံဆိပ်တွေလည်း အလားတူဖြစ်ကာ အုပ်ချုပ်သူအကြိုက် လိုက်လုပ်ပေးနိုင်သူကို မြှောက်ပင့်ခိုင်းတဲ့ပုံစံမျိုးလို့ တပ်ကြပ်ကြီး ဇေယျက ထောက်ပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်က နေ့ထူးနေ့မြတ်တွေမှာ တိုင်းရင်းသားခေါင်းဆောင်တွေအပါဝင် စစ်ကောင်စီခန့် အရာရှိတွေ၊ စစ်ဗိုလ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကျေးအဆင့်တွေ၊ အနုပညာရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေကို ရာနဲ့ချီတဲ့ဘွဲ့တံဆိပ်တွေ ပေးအပ်နေတာပါ။
အောက်တိုဘာနှောင်းပိုင်းကနေစတင်ခဲ့တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်အနေနဲ့ ရှမ်းမြောက်ရှိ ကိုးကန့်ဒေသမှာ တပ်စခန်းပေါင်း ၂၀၀ ကျော်အထိ လက် လွှတ်ဆုံးရှုံးထားရပါတယ်။
တဆက်တည်းမှာပဲ ချင်း၊ ကရင်နီ၊ စစ်ကိုင်း၊ ကရင်နဲ့ ရခိုင်ဒေသတို့မှာလည်း ဒေသတွင်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ လက်နက်ချအညံ့ခံရတဲ့အထိ ဖြစ်ပေါ်နေတာပါ။
စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း တိုက်ပွဲတိုင်း မြို့တွေအသိမ်းခံရ စခန်းတွေ အသိမ်းခံရတဲ့အခြေအနေမှာ စစ်ကောင်စီတပ်ရဲ့ ကျဆုံးမှုကို စိတ်ဓာတ်ရေးရာအရ မြှင့်တင်မပေးနိုင်ဘူးလို့ သုံးသပ်ပါတယ်။
“သူတို့ရရှိထားတဲ့ ဘွဲ့တံဆိပ်တွေရဲ့ တန်ဖိုးတောင် မကြာခင် ပျောက်ကွယ်ပျက်သုန်းတော့မယ်ဆိုတာ သိနေတဲ့သူ့ရဲ့တပ်မှူးတွေ အဆင့်အဆင့် အရာရှိအရာခံတွေအနေနဲ့ တံဆိပ်တွေကို ဒီနေ့ ကာလမှာ ဘယ်လိုမှ အသိအမှတ်ပြုကြာမှာ မဟုတ်ပါဘူး။ ကျေနပ်အားရမှုလည်းရှိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဘွဲ့တံဆိပ်ပေးတဲ့ အခမ်းအနားကျင်းပနေလည်း စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေရဲ့ ကျဆုံးမှုကို စိတ်ဓာတ်ရေးရာအရ မြှင့်တင်မပေးနိုင်တဲ့အပြင် ပိုပြီးတောင် အရင်ကထက် တန်ဖိုးမထားတဲ့ မမျှော်လင့်တော့တဲ့ အနေအထားတစ်ရပ် ရောက်ရှိနေပြီလို့ ကျွန်တော်က သုံးသပ်ပါတယ်”လို့ ဆိုပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ရှမ်းမြောက်ရှိ ကိုးကန့်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးဖြစ်သူ ဗိုလ်မှူးချုပ်အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ MNDAA က အတည်ပြုထုတ်ပြန်ပါတယ်။
MNDAA က ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှင်းလင်းသုတ်သင်ရာမှာ သေ ဆုံးနေတဲ့ အလောင်းတစ်လောင်းပေါ် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကို တွေ့ရှိခဲ့လို့ မိမိတို့ဘက်က အ လောင်းကို စကစထံပြန်ပို့တဲ့ဆန္ဒရှိပြီး လက်ရှိသက်ဆိုင်ရာဌာနနဲ့ ဆက်သွယ်ပေမယ့် အကြောင်းပြန်တာ မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်းမြောက်စစ်ဆင်ရေးမှာ အသေရရှိထားတဲ့ စကခ (၁၂) က စကခမှူးကိစ္စအပေါ် ငြင်းဆိုထားပြီး ရှေ့တန်းမှာ စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နေတယ်လို့ ဆိုထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်အနေနဲ့ စစ်ရေးပြင်းထန်တဲ့ ဒေသတွင်းရှိ တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံထားရချိန်မှာ စစ်ရေးဗျူဟာအရ ဟ ပေးလိုက်တာ၊ ရန်သူဘက်က အကျအ ဆုံးများတာ၊ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီစတဲ့ စစ်ရေးအခြေအနေတွေကို ဝါဒဖြန့်ပလက်ဖောင်းအစုံမှာ တုန့်ပြန်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI