ရန်ကုန်၊ ဒီဇင်ဘာ ၉ပြည်တွင်းမှာ ဆန်ဖူလုံမှုလုံလောက်တဲ့အပြင် ပိုလျှံမှုပါရှိတဲ့အတွက် ဈေးကွက်အတွင်း ဆန်ဈေးနှုန်းတွေကို လိုတာထက် တိုးမြှင့်ရောင်းချတာတွေ မလုပ်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီဇင် ဘာ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဆန်စပါးတွေကို ဈေးအနိမ့်နဲ့ဝယ်ယူသိုလှောင်ပြီး ဈေးအမြင့်နဲ့ ပြန်လည်ရောင်းချဖို့ ဆန်စပါးဈေး ကွက်နဲ့ ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သူတွေကို အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းကာ စုံးစမ်းဖော်ထုတ်ပြီး ထိန်းကျောင်းဖို့ ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

စားသုံးသူပြည်သူတွေအနေနဲ့ ပုံမှန်အတိုင်း လိုအပ်တဲ့ပမာဏကိုသာဝယ်ယူဖို့ တိုက်တွန်းထားသလို စားသုံးသူပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်စပါးကုန်သည်တွေနဲ့ ဆန်စပါးကုမ္ပဏီတွေက လိုက်နာဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဆန်စက်လုပ်ငန်းရှင်တစ်ဦးကတော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ဖူလုံတဲ့အပြင် ပိုလျှံနေတယ်လို့ ပြောဆိုနေပေမယ့် စပါးဝယ်ယူဖို့အတွက်တောင် အခက်အခဲရှိလာသလို စပါးဝယ်ယူလို့ မရတာကြောင့် ဆန်ကြမ်းဈေးနှုန်းတွေကအစ ဈေးနှုန်းမြင့်တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဆိုရင် ဒီမနက်ပွဲရုံမှာ ဆန်အိတ် (၁၀၀)ပို့တယ်။ အခုပြန်ဝယ်တော့ ဝယ်လို့မရဘူး။ ပို့လိုက်တာ တစ်အိတ် (၅၅၀၀၀)ပဲ စက်မှာလာယူကြတာပေါ့။ အခုအိတ်(၂၀၀) ပြန်မှာတာ စပါးရှာလို့ မရဘူး။ စပါးရှာရလည်း ဈေးပြန်တက်တာပေါ့။ စပါးဝယ်ရ ခက်ခဲတယ်။ နောက်ပြီးတော့ စပါးလည်း သိပ်မရှိကြတာလည်း ရှိတယ်လေ။ ဆန်ကြမ်းတောင်မှ အခု သိန်း(၂၀)တောင် ရောက်နေပြီ။ ပထမထွက်ခါစကဝယ်တာ (၁၄)သိန်းခွဲပဲ ဆန်ကြမ်းကို။ (၁၄)သိန်းခွဲကနေ အခုသိန်း(၂၀)ဆို ဘယ်လောက်တက်သွားလဲကြည့်ပါလား၊ သိန်း (၂၀)တောင်မှ အခုရှာမရနေတာ ဖြစ်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စပါးတွေဟာ ဒီနှစ်အထွက်နှုန်း သိသိသာသာ လျော့ကျလာတဲ့အတွက် အရင်လိုအလွယ် တကူ ဝယ်ယူလို့မရတော့သလို စပါးရိတ်သိမ်းတာ၊ သယ်ယူပို့ဆောင်ရတာအပြင် လျှပ်စစ်မီးမမှန်တာ၊ မီးစက်ကြီးတွေ အသုံးပြုပြီး ကြိတ်ခွဲနေရတဲ့အတွက်လည်း စက်သုံးဆီပြဿနာကြောင့် ဆန်ဈေးနှုန်း မြင့်တက်စေခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တောင်သူတစ်ဦးကလည်း ဆန်စပါးတွေ ပိုလျှံတယ်လို့ ပြောဆိုနေပေမယ့် လက်တွေ့မှာ သဘာဝဘေးကြောင့် ပျက်စီးရှုံးဆုံးမှုများခဲ့သလို ဆန်စပါးဈေးနှုန်းတွေကို လွတ်လပ်စွာ ရောင်းချခွင့်မပေးဘဲ ထိန်းချုပ်ဖို့ လုပ်ဆောင်တာဟာ အပေါ်ဖားအောက်ဖိတဲ့ သဘောသာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ကျွန်တော်တို့ ပထမတစ်သုတ် မျိုးထောင်တယ်။ ရေနစ်မြုပ်တယ် သေသွားတယ်။ ရေ(၄)ကြိမ် နစ်မြုပ်တယ်။ စိုက်ထားတဲ့ အပင်တောင်တစ်ပင်မှမကျန်ဘူး။ စပါးမပြောနဲ့ မြက်ပင်တောင် မကျန်ဘူး။ အခုသွင်းအားစုတွေနဲ့ သီးနှံပေါ်လာတဲ့အချိန်မှာ ပြန်ရောင်းရတဲ့ဈေးနဲ့ မကိုက်ရင်တော့ ကျွန် တော်တို့ကိုက်တဲ့သီးနှံပဲ လုပ်ကြတော့မှာ။ ကျွန်တော်ကြားပါတယ် ဆန်စပါးဆိုတာ မြန်မာနိုင်ငံကထွက်တာ ဒေါ်လာပေးပြီးဝယ်တာ မဟုတ်ဘူးတဲ့။ အဲဒီတော့ ဆန်စပါးဒီလိုတက်တာ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။ ဆန်စပါးဆိုတာ ဒေါ်လာပေးပြီး မဝယ်ရပေမယ့် ဒေါ်လာပေးပြီး ဝယ်နေရနေတဲ့ ပစ္စည်းတွေနဲ့ လုပ်နေရတာလေ။ သူတို့လည်း ဆန်စပါးအသင်းလို့သာပြောတယ်။ သူတို့လုပ်ငန်းတွေကို အခုလက်ရှိ အစိုးရကနေပြီးတော့ လက်လွတ်သွားမှာ ကြောက်တာရယ်၊ လယ်သမားဘဝကို ထဲထဲဝင်ဝင်မသိတာရယ်၊ ဘယ်လိုပြောမလဲ ဆိုရင်တော့ ရိုးရိုးလေးပြောလိုက်မယ် ဆိုရင် အပေါ် ဖားအောက်ဖိပေါ့ဗျာ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ လက်ရှိမိုးစပါးပေါ်ချိန် မတိုင်မီကတည်းက စပါးအမျိုးအစားအလိုက် ရည်ညွှန်းစပါးဈေးနှုန်းတွေကို အသင်းဝင်တွေ လိုက်နာဆောင်ရွက်ဖို့အတွက် ထုတ်ပြန်ပြီးဖြစ်သလို ရည်ညွှန်းဈေးကိုအခြေခံပြီး သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်းတွေကိုလည်း လစဉ်ထုတ်ပြန်ပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စာသုံးသူပြည်သူဟာ စပါးပေါ်ကာလမှာပဲ ဆန်ချောအုပ်စုဝင် ပေါ်ဆန်မွှေးတစ်အိတ်ကို ကျပ်တစ်သိန်းနှစ်သောင်းအထိ ပေးဝယ်နေရသလို ဆန်ကြမ်းအုပ်စု ဧည့်မထကိုပင် တစ်အိတ် ကျပ်ခုနှစ်သောင်းကျော်အထိ ပေးဝယ်နေရတာ ဖြစ်ပါတယ်။

စပါးစိုက်ဧက ၁၈ သန်းနီးပါး ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဟာ နှစ်စဉ်ဆန်တန်ချိန် ၂၅ သန်းကျော် ထွက်ရှိနေတာဖြစ်ပေမယ့် စစ်ကောင်စီလက်ထက်မှာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်လာတာ၊ သယ်ယူပို့ဆောင်ရေးအခက်ခဲတွေ၊ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေဟာ ဆန်တွေကို ဈေးကြီးပေးပြီး ဝယ်ယူစားသောက်နေရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.