ကျွန်းစု၊ ဒီဇင်ဘာ ၉

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာမှာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသ ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မင်းဂုတ်ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေ တပ်စွဲထားတဲ့ တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကနေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲကြောင့် မင်းဂုတ်၊ မောင်းလှော်၊ ရတောင်၊ ဂျိုးတောင်၊ ဝါရစ်ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ ကျွန်းစုမြို့ပေါ်နဲ့ ဘေးလွတ်ရာ နေရာတွေကို ရေးလမ်း၊ကုန်းလမ်းတွေကနေ ထွက်ပြေးတာတွေ ရှိနေပါတယ်။စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး၊လက်နက်ငယ် ပစ် ခတ်သံတွေ အဆက်မပြတ်ကြားနေရပြီး အနီးပတ်ဝန်းကျင် ကျေးရွာအားလုံးနီးပါ တိမ်းရှောင်သွားပြီလို့ ဆိုပါတယ်။

ဒီနေ့ မနက် ၆ နာရီလောက်က စတင်ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲဟာ နေ့လည်ပိုင်းအထိ ဆက် လက်ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိသေးဘူးလို့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ အဆိုအရ မင်းဂုတ်ကျေးရွာဟာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့ ဒေသအခေါ် ပျူစောထီးတွေ အားကောင်းတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် ဝါးရင်ကျေးရွာထဲ ဈေးဝယ်လာတဲ့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့ကို စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဒေသခံတွေအပြင် နှစ်ဖက်ထိ ခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

တနင်္သာတိုင်းမှာ ပြီးခဲ့တဲ့လကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာသလို မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် စစ်ကောင်စီဘက်က ခံစစ်အတွက် အခိုင်အမာ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.