ပေကျင်း၊ ဒီဇင်ဘာ ၉

ထွက်ပြေးခိုလှုံလာတဲ့ မြောက်ကိုးရီးယားနိုင်ငံသားတွေကို ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း တရုတ်ဘက်က ပြောဆိုခဲ့ပေမယ့် အဲဒီထဲက လူပေါင်း ၆၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ တောင်ကိုရီးယားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောပါတယ်။

ပျောက်ဆုံးနေသူတွေဟာ တရုတ်ရဲ့ သီးခြားပြည်နယ်မှာ ထောင်သွင်းအကျဉ်းချခံရတာ၊ညှဉ်းပန်းနှိပ်စက် ခံရတာ၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပြင် သေဒဏ်ပေးခံရတာတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့လည်း အဲဒီအဖွဲ့က သတိပေးထားပါတယ်။

တောင်ကိုရီးယား တရားမျှတစွာအသွင်ကူးပြောင်းရေးဆိုင်ရာ အလုပ်အဖွဲ့(TJWG)ရဲ့ အစီရင်ခံစာအရ ပြည်နှင်ဒဏ်ပေးခံရတဲ့သူတွေကို နယ်စပ်ဖြတ်ကျော်မှုနဲ့ တရုတ်ထိန်းသိမ်းရေးစခန်းတွေကနေ လုံခြုံရေးဘတ်စ်ကားတွေနဲ့ မြောက်ကိုရီးယားထံ ပို့ဆောင်ခဲ့တယ်လို့ ပြောဆိုထားပြီး ဒီဖြစ်စဉ်ဟာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး နေရပ်ပြန်ပို့မှုလို့ ဆိုကြပါတယ်။

နေရပ်ပြန်ပို့ခဲ့ရတဲ့ ထွက်ပြေးလာသူတွေထဲက အများစုဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုထားပေမယ့် စာရင်း အတိအကျကိုတော့ မသိရသေးဘူးလို့ အဲဒီအဖွဲ့က အသိပေးထားပါတယ်။

ဒီဖြစ်စဉ်အပေါ် မြောက်ကိုရီးယားဘက်က တစုံတရာထုတ်ပြန်ထားတာမရှိသေးပေမယ့် ထွက်ပြေးသွားသူတွေကိုတော့ ပြစ်တင်ရှုတ်ချတာတွေပြုလုပ်ထားသလို နယ်စပ်ဒေသတွေကိုလည်း လုံခြုံရေးပိုမိုတင်းကျပ်ထားဖို့ ခေါင်းဆောင်ကင်ဂျုံအန်းက ညွှန်ကြားထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်းကြီးဌာနက တရုတ်နိုင်ငံမှာ ထွက်ပြေးလာသူတွေအဖြစ် ခေါ်ဆိုတာကို ငြင်းပယ်ထားပြီး မြောက်ကိုရီးယားနိုင်ငံသားတွေဟာ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်နဲ့ တရားမဝင် ဝင်ရောက်တာသူတွေဖြစ်တဲ့အတွက် တရုတ်အနေနဲ့ အဲဒီပြဿနာကို ဥပဒေနဲ့အညီသာ ကိုယ်တွယ်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

အရင်က မြောက်ကိုရီးယားနိုင်ငံသားတွေဟာ တောင်ကိုရီးယားကို ထွက်ပြေးတာတွေရှိပေမယ့် ကိုဗစ်ကာလမှာ မြောက်ကိုရီးယားရဲ့ နယ်စပ်ကို ချိပ်ပိတ်လိုက်ချိန်မှာ လျှော့နည်းသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားဟာ ကိုဗစ်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပြီး တရုတ်နဲ့ ကုန်သွယ်မှုအပြင် တခြားဖလှယ်မှုတွေလည်း ပြန်လည်စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.