ထီးလင်း – ဒီဇင်ဘာ ၇

မကွေးတိုင်း၊ထီးလင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူ ၁၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထီးလင်းမြို့ မှာတိုက်ပွဲဖြစ်ပွားနေတာပါ။

ထီးလင်းမြို့နယ်ကိုထွက်ခွာလာတဲ့ စစ်ကြောင်းကလည်း ဂန့်ဂေါမြို့နယ် ကျောမြို့အနောက်ဘက်က ထွက်ခွာလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထီးလင်းမြို့နယ်ကို ဒီနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး နေ့လည် ၁ နာရီ ဝန်းကျင်အထိ အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ထားပြီး စစ်ရှောင်ပြည်သူတွေအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ် ရေမျက်နီ စစ်ကောင်စီရဲစခန်းသိမ်းတိုက်ပွဲမှာ ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့က အသိပေးထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြေပြင်တိုက်ပွဲမှာ အထိနာနေတာကြောင့် ဒီဇင်ဘာလ ၄ ရက်နေ့က စပြီးဒီဇင်ဘာလ ၆ ရက်နေ့အထိ လေကြောင်းကနေ တနေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်နေတာပါ။

ယောဒေသမှာ အောက်တိုဘာလတည်းက တိုက်ပွဲတွေဖြစ်ထန်နေတာဖြစ်ပြီး ဂန့်ဂေါ မင်းရွာ ရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.