ကော့ကရိတ်၊ ဒီဇင်ဘာ ၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲအတွင်းမြို့ထဲမှာနဲ့ အာရှလမ်းမပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေနဲ့ ယာဉ်မောင်းတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူတွေက သွားရောက်ကယ်ထုတ်တာတွေ လုပ်ဆောင်ပေးနေတယ်လို့ ကော့ကရိတ်ဒေသခံတွေကနေ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းက စတင်ခဲ့တဲ့ ကော့ကရိတ်မြို့တိုက်ပွဲဟာ ၆ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ကော့ကရိတ်မြို့ရဲ့ အာရှလမ်းမအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

တိုက်ပွဲကြောင့် မြို့တွင်းထဲမှာ ပိတ်မိကျန်နေပြီး ထွက်ခွာဖို့ရှိနေတဲ့ ဒေသခံတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေက သွားလိုရာဒေသတွေဆီကို သွားရောက်ကူညီပို့ဆောင်ပေးခဲ့သလို အာရှလမ်းမပေါ်မှာပိတ်မိနေတဲ့ ယာဉ်မောင်းတွေကိုလည်း တော်လှန်ရေးအင်အားစုအဖွဲ့ ကယ်ထုတ်ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ နဘူး၊ ကျုံဒိုး၊ သာမည၊ ဘားအံအစရှိတဲ့ နေရာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်လာနေရပြီး ထွက်ပြေးတိမ်းရှောင်လာနေရတဲ့ ဒေသခံပြည်သူတွေအတွက် အခက်အခဲတွေများစွာ ကြုံတွေ့နေရကာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

၁ ပတ်နီးပါးကြာမြင့်လာတဲ့ ကော့ကရိတ်မြို့တိုက်ပွဲဟာ နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိနေပြီး စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတစ်ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့သလို တိုက်ပွဲကာလအတွင်း မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကိုလည်း ဆက်လက်ပိတ်ထားခဲ့ရပြီး ကော့ကရိတ်မြို့နယ် မြောက်ဘက်ခြမ်း ထို့ကော်ကိုး-မြဝတီ တောင်ပေါ်ကားလမ်းနေရာမှာလည်း ခရီးသည်တင်ယာဉ်ငယ်တွေကိုသာ သွားခွင့်ပြုပြီး ယာဉ်ကြီးတွေကို BGF ဂိတ်ဘက်က ဖြတ်သန်းသွားခွင့်မပြုဘူးလို့ သိရပါတယ်။

ကော့ကရိတ်မြို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထုအများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိနေခဲ့ပြီး လူဦးရေသောင်းချီ ဘေးလွတ်ရာဒေသကို ထွက်ပြေး တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၀,၀၀၀ နီးပါးနေထိုင်တဲ့ ကော့ကရိတ်မြို့ဟာ တိုက်ပွဲကြောင့် လုံးဝ တိတ်ဆိတ်ခြောက်ကပ်နေပြီး နေထိုင်သူ လုံးဝမရှိသလောက် နည်းပါးသွားသလို မြို့ပျက်အ နေအထား ဖြစ်လာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.