နေပြည်တော်၊ ဒီဇင်ဘာ ၆

နိုင်ငံတဝန်းတိုက်ပွဲတွေအတွင်း အရေးမလှရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က လက်နက်ကိုင်တပ်ဖွဲ့ တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြဖို့ ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ထုတ်ပြောလာပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးနဲ့အတူ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မြို့ပေါင်း ၁၈ မြို့ထက်မနည်း လက်လွှတ်ထားရတာ၊ တပ်စခန်းရာနဲ့ချီ ဆုံးရှုံးရတာ၊ တပ်ရင်းအလိုက် လက်နက်ချအလင်းဝင်မှုတွေ ရှိလာချိန်မှာ စစ်ခေါင်းဆောင်က အခုလိုထုတ်ပြောလာတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဆက်လက်ပြီး မိုက်တွင်းနက်နေမယ်ဆိုပါက မိုက်တွင်းနက်တဲ့ဒဏ်ကို ပြည်သူတွေသာခံစားရမှာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့လိုတယ်လို့ သူတို့ရဲ့အပြစ်တွေဖယ်ပြီး ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ ပြောဆိုမှုဟာ ဘယ်လိုအခင်းအကျင်း ဘယ်လိုပုံစံနဲ့ ဆွေးနွေးသွားဖို့အပါအဝင် ကမ်းလှမ်းမှုအသစ်တွေ မတွေ့ရပါဘူး။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ပြောဆိုမှုဟာ စစ်အုပ်စုအနေနဲ့ ချောင်ပိတ်ပြီး အကျပ်အတည်းဖြစ်နေချိန်မှာ ထွက်ပေါက်ရဖို့ ကြိုးပမ်းမှုဖြစ်သလို ပြည်သူတွေအနေနဲ့ အဟုတ်မှတ်ပြီး လမ်းလွဲမလိုက်ဖို့လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်အာဏာရှင်တွေက ချောင်ပိတ်မိပြီးတော့ အကျပ်အတည်းဖြစ်လာရင်တော့ အဲဒီလိုမျိုး လေသံတွေ ပစ်လာတာပေါ့။ ဒီအပေါ်မှာ ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ စိတ်ကူးမယဉ်ဖို့နဲ့ သူပြောတာကို အဟုတ်မှတ်ပြီး လမ်းလွဲမလိုက်ကြဖို့ပဲလိုပါတယ်။ ဒီနေ့မြန်မာပြည်မှာ ကျရောက်နေတဲ့ ဒုက္ခ၊ သုက္ခအားလုံးရဲ့ ဇစ်မြစ်ဟာ စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်နဲ့ စစ်ကောင်စီဝင်တစ်သိုက်တို့ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကြောင့် တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်ဆိုတဲ့ဟာကို သဘောပေါက်ထားဖို့ပဲ လိုပါတယ်။ နောက်ပြီးတော့ စစ်ခေါင်းဆောင်ကို နိုင်ငံ ရေးထွက်ပေါက်မပေးဖို့လည်းလိုတယ်။ အခုချိန်ကတော့ သူအပါအဝင် စစ်ကောင်စီအားလုံးကို ပြည်သူ့ခုံရုံးတင်ပြီး တရားစီရင်နိုင်ဖို့အတွက် ဒီနွေဦးတော်လှန်ရေးကို ဘက်အသီးသီးကနေ ဝိုင်းဝန်းကူညီကြဖို့လိုတယ်လို့ ကျွန်တော်တော့ ယူဆပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ “ဒိုတာဝန်အရေးသုံးပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ရပ်တည်ကြောင်းနဲ့ မြန်မာစစ်တပ်လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို အခြေခံထားတဲ့ ပြည်ထောင်စုစနစ်မှာ လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုထားတဲ့အချက် အားလုံးပါဝင်တယ်လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ စစ်ရေးမှာ ရှုံးနိမ့်တာကို မျက်ကွယ်ပြုချင်တာကြောင့် ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။

“ရှုံးနိမ့်တာကို မျက်ကွယ်ပြုချင်တယ်။ တဖက်မှာလည်း ထွက်ပြေးဖို့ ပြင်နေပြီ။ ဘက်စုံပိတ်ဆို့ခံနေရပြီ။ ဘယ်လိုလုပ်ပြီး (၂၀၀၈) အောက်မှာ ဆွေးနွေးမှာလဲ။ တို့က (၂၀၀၈)ကို တိုက်နေတာလေ။ အကုန်လုံးပြည်နယ်တွေရော၊ EAOတွေရော၊ တို့တွေရော (၂၀၀၈)ကို တိုက်နေတာလေ။ အဲဒါကို (၂၀၀၈) အောက်မှာပဲ ဆွေးနွေးမယ်ဆိုတော့ ရူးနေတာပေါ့။ အဲဒါကို တို့ကလိုက်မှတ်ချက်ပေးနေလို့ မရဘူးလေ။ (၂၀၀၈)အောက်မှာ တို့ဆွေးနွေးစရာ အကြောင်းမရှိဘူး။ အဲဒါရူးနေတာ၊ ရူးနေပြီ ဒီကောင်နော။ ဘာဆွေးနွေးမလဲ မဆွေးနွေးပါဘူး၊ တို့ဆွေးနွေးရင် နိုင်ငံရေးသေသွားမှာပေါ့။ ဆွေးနွေးလို့ မရဘူး၊ အခုချိန်က အနိုင်တိုက်ရမှာနော်”လို့ ဆိုပါတယ်။

စစ်ကောင်စီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင်က ရခိုင်ပြည်နယ် မတည်ငြိမ်မှုဟာ ရက္ခိုင့်တပ်တော် AA ကြောင့်ဖြစ်ပြီး ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦးတွေ ပျက်စီးရတာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကြောင့်လို့ စွပ်စွဲသွားပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ထိန်ချန်ပြောဆိုခဲ့တာပါ။

နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄၀၀၀ ကျော် သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်နဲ့ အဆောက်အဦးပေါင်း ၈၆,၀၀၀ ကျော် မီးလောင်ပျက်စီးထားတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar ရဲ့ စက်တင်ဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တဖက်မှာတော့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် တပ်အင်အားပြုန်းတီးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တပ်ပြေးတွေကို ပြန်လက်ခံရတဲ့အထိ တပ်အင် အားချိနဲ့မှုရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.