သံဖြူဇရပ်၊ ဒီဇင်ဘာ ၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ဇေယျာတိုးချဲ့ရပ်ကွက်မှာ အမျိုးသားတစ်ဦးလက်နက်နဲ့တကွ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ကနေ မြို့ပေါ်နေ ဒေသခံ ၇ ဦးထက်မနည်း လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ အောင်ဇေယျာတိုးချဲ့ရပ်ကွက်နေ အသက် ၄၄ အရွယ် ဦးမြသန်းကို စစ်ကောင်စီတပ်က မြို့အတွင်း စစ်ဆေးနေစဉ် ပစ္စတိုသေနတ်တစ်လက်၊ ကျည်တွေအနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ညတွင်းချင်းမှာပဲ ဟေမဝန် ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင် ကိုတရုတ်ကို နေအိမ်မှာအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း သံဖြူဇရပ်မြို့ရှိ ရွှေဆိုင်နဲ့ဈေးအရောင်းဆိုင်ပိုင်ရှင် ၅ ဦးထက်မနည်း ထပ်မံဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီကတော့ ကိုတရုတ်အပါအဝင် ဖမ်းဆီးထားတဲ့သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးနဲ့လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့ ဟေမဝန်ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင် ကိုတရုတ်ရဲ့ နေအိမ်နဲ့ဆိုင်တွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို သံဖြူဇရပ်ရဲမြို့စခန်းနဲ့သံဖြူ ဇရပ်တပ်နယ်တွေမှာ ဖမ်းဆီးစစ်ဆေးနေပြီး လက်ရှိအချိန်အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ ဒေသခံအရပ်သားပြည်သူ ၈၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.