မော်လမြိုင်၊ ဒီဇင်ဘာ ၃

လုံခြုံရေးအကြောင်းပြချက်နဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာသလို တပ်ရှေ့ထွက်ပြီး ငွေကြေးတောင်ခံမှုတွေပါ ရှိလာတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရးဂိတ် ၁၀ ခုထက်မနည်း တိုးချဲ့ဖွင့်လှစ်ထားပြီး ခရီးသွားပြည်သူတွေနဲ့ ခရီးသွားကားတွေမှာ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာပါ။

အခုနောက်ပိုင်းမှာတော့ မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်ရှိ စစ်ကောင်စီရဲ့အခြေစိုက်တပ်ရင်းတွေကလည်း တပ်ရင်းအရှေ့ထွက်ပြီး ကားတစ်စီးကို ကျပ် ၁၀၀၀ ကနေ ကျပ် ၅၀၀၀ အထိ တောင်းခံတာတွေ ရှိလာတာ ဖြစ်ပါတယ်။

ခရီးသွားပြည်သူတစ်ဦးကတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေရဲ့ တပ်အရှေ့ထွက် ငွေကြေးတောင်းခံမှုတွေကြောင့် အခက်အခဲမျိုးစုံရင်ဆိုင်နေတယ်လို့ ပြောပါတယ်။

“လုံခြုံရေးအကြောင်းပြပြီးတော့ ပိုက်ဆံတောင်းတဲ့ ဂိတ်တွေ ပိုများလာတယ်။ ရှိသမျှဂိတ်အကုန် တောင်းတာနော် မယုံမရှိနဲ့။ နောက်ဆုံးတပ်ရှေ့က ကောင်တွေကပါ ဘယ်လောက်ထိလဲဆို လမ်းမပေါ်မှာ လုံခြုံရေးအကြောင်းပြပြီးတော့ သေနတ်နှစ်လက်သုံးလက်လွယ်ပြီးတော့ အရပ်ဝတ်တွေနဲ့ ဘောင်းဘီတိုတွေနဲ့ PDFလိုလို တပ်ကလိုလိုနဲ့ တောင်းတယ်ကွာ။ တပ်တွေကလည်း လုံခြုံရေးအကြောင်းပြပြီးတော့ တပ်ရှေ့တွေမှာပါထွက်ပြီးတော့ ပိုက်ဆံတောင်းကြတော့တာ။ လာသမျှကားတိုင်းကို ပိုက်ဆံပဲထိုင်တောင်းနေတာကွာ။ ကားကြီးလည်း မပေးရင်မသွားနဲ့၊ ကားလေးလည်း မပေးရင်မသွားနဲ့ဆိုပြီး လူမိုက်ပုံစံမျိုးကို သေနတ်ပြပြီး တောင်းလာပြီ။ သူတို့လုပ်ရတယ်ဆိုတဲ့ အ ချိုးနဲ့ဒဲ့ပဲတောင်းတယ်။ ရှိသမျှ လူအကုန်လုံးကဒဲ့ပဲ ပေါ်တင်တွေကြီးပဲ ပိုက်ဆံတွေ တောင်းကြတာ။ အဲဒီလိုတွေ တောင်းတဲ့အခါကျတော့ ပြည်သူတွေရဲ့ ကုန်စည်စီးဆင်းမှုက ဘယ်လိုလုပ် ချောတော့မလဲကွာ”လို့ ဆိုပါတယ်။

ငွေကြေးတောင်းခံရာမှာ စစ်ကောင်စီတပ်တွေက အိမ်စီးကားတစ်စီးကို ကျပ် ၁၀၀၀ နှုန်း တောင်းခံတာရှိသလို ကုန်ပစ္စည်းတင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ အထိ တောင်းခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ငွေကြေးတောင်းခံရာမှာ အသွားရောအပြန်ရော တောင်းခံတာတွေ ရှိနေသလို ပိုက်ဆံမပေးတဲ့ မော်တော်ယာဉ်တွေကို အကြောင်းအမျိုးမျိုးပြပြီး အချိန်ကြာမြင့်စွာ စစ်ဆေးတာတွေ ရှိနေတယ်လို့ ခရီးသွားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယာဉ်မောင်းတစ်ဦးကလည်း မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်တွေမှာ ပိုက်ဆံမပေးရတဲ့ ဂိတ်မရှိသလို အနည်းဆုံးအသွားတခြမ်းမှာပဲ ကျပ်ခုနှစ်သောင်းလောက် ကုန်ကျနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မပေးရတဲ့ ဂိတ်ကတော့မရှိဘူး။ စစ်တပ်ဂိတ်တွေ မှန်သမျှတော့ အကုန်လုံးပေးရတာကြီးပဲ။ ပစ္စည်းပါသည်ဖြစ်စေ၊ ခရီးသည်ပါသည်ဖြစ်စေ ပုံမှန်ကတော့ တောက်လျှောက်တော့ ပေးရတာပါပဲ။ ရဲလည်းပေးရတာပါပဲ၊ ကျွန်တော်တို့ဒီတပ်တွေလည်း ပေးရတာပဲ။ ရဲဘော်တွေလည်း ပေးရတာပဲ။ (၃)လမ်းဆုံထိက တောက် လျှောက်ပေးရတယ်။ (၃)လမ်းဆုံ ရောက်မှဂိတ်ဆုံးတာ ပေးရတာက၊ (၃)လမ်းဆုံအထိဆိုရင် ကျွန်တော်တို့က အနည်းဆုံး ၇သောင်းလောက် ကုန်တယ်။ အဲဒါအသွားအ ပြန် အသားလွတ်တွေပေးရတာ။ အခုဒီနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့တော့ ဆိုးဆိုးလာတယ်။ အဲဒီလောက်ထိကျပ်သွားတာ”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ကုန်ဈေးနှုန်း ကြီးမြင့်နေရတာဟာ လမ်းခရီးမှာရှိတဲ့ ဂိတ်တွေမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ် ရှိနေတာကြောင့်ဖြစ်ပြီး မလိုလားအပ်တဲ့ ကုန်ကျစရိတ်မရှိစေဖို့အတွက် ပြည်နယ်နဲ့တိုင်းအလိုက် တာဝန်ရှိသူတွေ အလေးထားကြပ်မတ်ဖို့ ပြီးခဲ့တဲ့ ဇွန်လအတွင်း ညွှန်ကြားထားတာပါ။

ဒါပေမယ့် သူရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေက လိုက်နာမှုမရှိသလို လက်နက်ပြပြီး ငွေကြေးတောင်းခံတဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ခရီးသွားပြည်သူတွေက ပြောဆိုပါတယ်။

မော်လမြိုင်-ရန်ကုန်ပြည်ထောင်စုကားလမ်းဟာ မွန်ပြန်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ခရီးသွားပြည်သူတွေနဲ့ ကုန်ပစ္စည်းတင်ပို့သူတွေ အဓိကအသုံးပြုနေတဲ့လမ်းဖြစ်ပြီး နေ့စဉ် ကားအစီးရေ ထောင်နဲ့ချီသွားလာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJSee translation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.