“လူထုကို အကြောက်တရားသွင်းတာကိုက သူတို့(စကစ)ကိုယ်တိုင်က ကြောက်နေလို့ပဲ။ လူထုရဲ့ ညီညွတ်မှုကို ကြောက်တာ”

လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၀ ဈေးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ရန်ကုန်အင်အားစုက ကိုနန်းလင်း ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ခဲ့တဲ့ အဲဒီဆန္ဒပြလှုပ်ရှားမှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီဟာ မြောက်ဒဂုံမြို့ နယ် ၄၀ ဈေးအား အင်အားအလုံးအရင်းအသုံးပြုပြီး ဖျက်ဆီးခဲ့ပါတယ်။

ဒါကြောင့် လူထုသပိတ်တိုက်ပွဲတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ ပြည်သူတွေကို အကြောက်တရား သွင်း ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ၊ လက်ရှိဆန္ဒပြပွဲတွေမှာ ပြည်သူ့ပါဝင်မှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်ထံ ပြောကြားလိုတဲ့ သတင်းစကားတွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ကိုနန်းလင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲတွေကို စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေ လုပ်ဆောင်လာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ကိုနန်းလင်း – ကြွက်မနိုင်ကျီမီးနဲ့ရှို့တယ်လို့ပဲ ပြောရမယ့် သဘောမှာရှိတယ်။ အဓိကက တော်လှန်ရေးအင်အား စုတွေနဲ့ ပြည်သူတွေကို သွေးခွဲချင်တာလည်း ပါတာပေါ့။ လူထုကို ပိုပြီးအကြောက်တရားဖိနှိပ်ဖို့အတွက် နည်း လမ်းပေါင်းစုံပေါ့။ တကယ့်ကို အရက်စက်ဆုံးတွေ သုံးလာတာ ကျွန်တော်တို့ မြင်တယ်။ နောက်တစ်ခုက အကြမ်းဖက်စစ်အာဏာရှင်တွေက အားနည်းလာလေ လူထုကိုပိုဖိနှိပ်လေဆိုတဲ့သဘောလည်း ရှိလာပါတယ်။ ပြန်ချုပ်ရရင် ကြွက်မနိုင်ကျီမီးရှို့တယ်၊ နောက်ပြည်သူနဲ့ တော်လှန်ရေးသမားတွေကို သွေးခွဲလာတဲ့ အနေအ ထားဖြစ်တယ်။ သူကိုယ်တိုင်အားနည်းလာတော့ အလွယ်တကူ ပစ်မှတ်ထားလို့ရတဲ့ ပြည်သူတွေကိုပိုပြီး အကြမ်းဖက်လာတယ်။ ရန်ကုန်မှာဆို ပေါ်တာဆွဲတယ်ဆိုတာတွေ ကြားနေရပြီ။ တကယ်တမ်းက ပေါ်တာဆွဲ တယ်ဆိုတာထက် ပြန်ပေးဆွဲတယ်ဆိုတာ ပိုမှန်တာပေါ့။ လူငယ်တွေကို အကြောင်းမရှိ အကြောင်းရှာဖမ်း တယ်။ ပြည်သူတွေကို အကြောင်းမရှိ အကြောင်းရှာဖမ်းတယ်။ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံတောင်းပြီးမှ ပြန် လွှတ်ပေးတယ်ဆိုတာ ဒါပြန်ပေးဆွဲတာပဲ။ စစ်ကောင်စီက ပြည်သူတွေကို တောက်လျှောက် ရှေ့ဆက် ဖိနှိပ် လာမယ့် သဘောတွေ တွေ့လာရပါတယ်။

သံလွင်တိုင်းမ် – ဒီနောက်ပိုင်း စစ်ကောင်စီဟာ ပြည်သူတွေနဲ့ သပိတ်အဖွဲ့တွေအကြား သွေးခွဲတာတွေ လုပ် ဆောင်လာတာ တွေ့ရပါတယ်။ အခုလို အကြောက်တရားသွင်းပြီး သွေးခွဲနေတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာများပြောချင်တာ ရှိမလဲ။

ကိုနန်းလင်း – အဓိကက ပြည်သူတွေကို အကြောက်တရားသွင်းတယ်ဆိုတာ ဘာကြောင့်လဲဆိုတာ ရန်သူက အားနည်းလာတယ်။ သူက ဘာကိုပိုကြောက်လာလဲဆို လူထုရဲ့ညီညွတ်မှုကို တအားကြောက်တယ်။ ခေတ်အ ဆက်ဆက် အာဏာရှင်တွေက လူထုရဲ့ တို့အရေးကြွေးကြော်သံကို ကြောက်တယ်ဆိုတာ  ကြားဖူးမှတ်ဖူးတာ ရှိတယ်။

သံလွင်တိုင်းမ် – ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲတွေမှာ ပြည်သူလူထုရဲ့ ပူး ပေါင်းပါဝင်မှုက ဘယ်လိုဆက်ရှိနေလဲ။

ကိုနန်းလင်း – အခုလည်းပဲ လူထုရဲ့ညီညွတ်မှု လူထုရဲ့ပါဝင်မှုကို ကြောက်တယ်ဆိုတော့ ရှေ့လတွေမှာ လှုပ်ရှားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် လှုပ်ရှားတဲ့ ပန်းသပိတ် ၁၀၂၇စစ်ဆင်ရေးစတင်ချိန် အောင် သပြေလှုပ်ရှားမှုနဲ့ ဒီစစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်း လူထုရဲ့အညီညွတ်ဆုံးသော ပါဝင်မှုတွေ ရှိပါ တယ်။ ဒီလှုပ်ရှားမှုတွေမှာလည်း စစ်ကောင်စီက ပန်းသည်ကအစ ပန်းပန်ဆိုဖမ်းတယ်။ အောင်သပြေကိုင်လို့ ဖမ်းတယ်။ နှင်းဆီးပန်းကိုင်လို့ ဖမ်းတယ်ဆိုတဲ့ တကယ့်ကို တော်လှန်ရေးမှာ လူထုမပါဝင်ရဲအောင်ပေါ့။ ဒီလိုမျိုး ဖိနှိပ်အကြမ်းဖက်တာတွေ တောက်လျှောက် ရှိလာပါတယ်။ လွန်ခဲ့တဲ့ရက်က ကျွန်တော် သပိတ်ထွက်ခဲ့တယ်။ ပြည်သူတွေက တက်တက်ကြွကြွ ပါဝင်တယ်။ ပါဝင်မှုကို ဒဏ်ခတ်တဲ့အနေနဲ့ လူထုကို စိတ်ဒုက္ခများရအောင် ပစ္စည်းဉစ္စာတွေ ပျက်စီးအောင်လုပ်တဲ့ သဘောတွေ့ရတယ်။

လူထုကို အကြောက်တရားသွင်းတာကိုက သူတို့ကိုယ်တိုင်က ကြောက်နေလို့ပဲ။ လူထုရဲ့ ညီညွတ်မှုကို ကြောက်တယ်။ လူထုရဲ့ တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ဦးဆောင်နေမှုကို ကြောက်တယ်။ ဒါ ကြောင့် သူတို့ဟာ လူထုကို ဒီလိုမျိုးပစ်မှတ်ထားပြီး ဖိနှိပ်မှုတွေလုပ်လာတာ ဒါကတော့ မြို့ပြတင်မဟုတ် အညာ ဆိုလည်းအညာ။ နေ့စဉ်ရက်ဆက် စစ်ကောင်စီရဲ့ မတရားမှုတွေကို နေ့ရက်တိုင်း နေရာတိုင်းမှာ အရပ်သား ပြည်သူတွေကို ကျူးလွန်နေတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်မြင်ပါတယ်။ ဒီလိုမျိုး ဆက်ပြီးလူထုကို ဖိနှိပ်နေ မယ်ဆိုရင် လူထုရဲ့အား၊ လူထုရဲ့ဒေါသနဲ့ လူထုရဲ့ တော်လှန်လှိုင်းတွေနဲ့ စစ်ကောင်စီ ထိပ်တိုက်ရင် ဆိုင်ရလိမ့်မယ်။ လူထုရဲ့တော်လှန်ရေးလှိုင်းတွေက စစ်ကောင်စီကို လူထုပေါ်မှာ ဖိနှိပ်နေသူတွေကို  ဝါးမြိုဖျက် ဆီးသွား လိမ့်မယ်လို့ ကျွန်တော်တော့ ဒီလိုပဲမြင်ပါတယ်ခင်ဗျ။

သံလွင်တိုင်းမ် – စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေအနေနဲ့ အခုနောက်ပိုင်း မြို့ပေါ် ဆန္ဒထုတ်ဖော်ရာမှာ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်နေရပါသလဲ။

ကိုနန်းလင်း – ပြည်သူတွေရဲ့ပါဝင်မှုက တသတ်မှတ်တည်းလို့ ပြောချင်တယ်။ နွေဦးတော်လှန်ရေးစတည်းက လူထုအားနဲ့ စခဲ့ကြတာပဲ။ သံပုံးတီးတဲ့လှုပ်ရှားမှု၊ CDMလှုပ်ရှားမှု လမ်းပေါ်မှာ လူတွေစုဝေးပြီး ဆန္ဒပြတဲ့ လှုပ် ရှားမှု၊ ကိုယ့်ရပ်ရွာ မြို့နယ်တွေမှာ စစ်ကောင်စီမဝင်လာအောင် ပိတ်ဆို့တာတွေ စသဖြင့်ပေါ့။ ဒီလိုမျိုးလမ်းပေါ် ထက်က လှုပ်ရှားမှုမှာလည်း လူထုက အင်တိုက်အားတိုက်နဲ့ ပါဝင်ခဲ့သလို လမ်းပေါ်မှာ စုဝေးဖို့ခက်တဲ့အခါမှာ လည်း လမ်းပေါ်မှာသန်းနဲ့ချီစုဝေးတယ်။ စုဝေးလို့ မရတဲ့အခါမှာ ကိုယ့်အိမ်မှာ တိတ်ပြလိုက်တယ်။ စစ်ကောင်စီ က ကြောက်တာပဲ။ ခေါင်းပေါ်မှာ ပန်းတွေပန်ပြလိုက်ရင်လည်း စစ်ကောင်စီက ကြောက်တာပဲ။ လူထုကလည်း တောက်လျှောက် သူပါဝင်ဖို့ အခွင့်အလမ်းရှိလာပြီ။ သူပါဝင်နိုင်တဲ့ သတင်းအချက်အလက်ရပြီဆိုရင်  လူထုက လည်း တကယ့်အကျပ်အတည်း ကြားကနေရ ပါဝင်ဆန့်ကျင် ရုန်းကန်နေတာ ဒီကနေ့ထိပဲလို့ ကျွန်တော်မြင် တယ်။

မြောက်ဒဂုံ၄၀ဈေးအဖျက်ခံရတဲ့ ဖြစ်ရပ်မှာ တကယ်တမ်းကျတော့ မြောက်ဒဂုံတစ်မြို့နယ်လုံးမှာ ရှိတဲ့ ပြည်သူ တွေကလည်း နွေဉီးတော်လှန်ရေးမှာ အင်မတန်တာဝန်ကျေတဲ့ ပြည်သူတွေလို့ ပြောလို့ရတယ်။ နွေဦးတော် လှန်ရေးစတည်းက မြောက်ဒဂုံမှာရှိတဲ့ လမ်းအဖုံးတွေကိုလှန်ပစ်တယ်။ စစ်ကောင်စီတပ်တွေ ဝင်မလာနိင် အောင် သွားရခက်အောင် လမ်းတွေပိတ်ဆို့ပစ်တယ်။ နွေဦးရဲ့မတ်လ လမ်းပေါ်တိုက်ပွဲတွေမှာလည်း မြောက်ဒ ဂုံရဲ့ လမ်းမထက်မှာ ပြည်သူတွေရဲ့ တိုက်ပွဲဝင်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ မြောက်ဒဂုံက နွေဦးတော်လှန်ရေးစတည်းက အားကောင်းခဲ့ပြီး တောက်လျှောက်မှာ တကယ့်ကို လူထုလှုပ်ရှားမှုတိုင်း လူထု သပိတ်တိုင်းမှာ မြေပြင်သပိတ် ပျောက်ကြားတိုက်ပွဲတွေမှာရော တစ်နိုင်ငံလုံးအဆင့် လူထုတိုက်ပွဲမှာရော

မြောက်ဒဂုံလူထုက တောက်လျှောက်အင်တိုက်အားတိုက် ပါဝင်နေတာ ကျွန်တော်တို့ သတိထားမိတယ်။ ဒါ ကြောင့်လည်းပဲ မြောက်ဒဂုံကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးမြို့တော်အဖြစ် ကြေညာပြီး ၃နှစ်လုံး ဒီရက်ပေါင်း တစ်ထောင်ကျော်လုံးကို မြောက်ဒဂုံကို စစ်အုပ်ချုပ်ရေးမြို့တော်အဖြစ် ကြေညာထားပြီးမှ ဖိနှိပ် ဖို့ကြိုးစားနေ တာဖြစ်တယ်။ ပြောချင်တာက လူထုပါဝင်မှုက တသတ်မှတ်တည်းပါဝင်နေတယ်။ ရန်သူရဲ့ဖိနှိပ်မှုအပေါ် မူတည်ပြီး ပါဝင်မှုအနိမ့်အမြင့် အတက်အကျတွေကတော့ ရှိတာပေါ့။ ဒါပေမယ့် ရှေ့ဆက်လူထုရဲ့အား လူထုရဲ့ ပါဝင်မှုတွေက တောက်လျှောက်ပိုပြီးတော့ မြင့်တက်လာတော့မယ့် သဘောမှာ ကျွန်တော် တွေ့နေရပါတယ်။

မြို့ပေါ်က အင်အားစုတွေ အခက်အခဲကနှစ်ခုပါပဲ။ နံပတ်တစ်က ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အထွေထွေ အကျပ်အ တည်းပေါ့။ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှု ဖြစ်လာတယ်။ နေရေးထိုင်ရေး စားရေး သောက်ရေးစသဖြင့်က လူထုကိုယ်တိုင်လည်း ခက်ခဲတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း မြို့ပေါ်တွေမှာ ပုံစံ မျိုးစုံနဲ့ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေမှာလည်း ဒီလိုပုံစံမျိုး အခက်အခဲတွေရှိတယ်။ နှစ်အချက်က စကစက ပိုပြီး လုံခြုံရေးပြင်လာတယ်။ ပိုပြီးဖိနှိပ်လာတဲ့ သဘောတွေပေါ့။ ဒါတွေကလည်း ကျွန်တော်တို့ပေါ်မှာ စိန်ခေါ်မှုတွေရှိ တယ်။ စိန်ခေါ်မှုတွေရှိတယ်ဆိုတာက ခုနကလို သပိတ်လှုပ်ရှားမှုတွေလုပ်တယ်။ ပြည်သူနဲ့ ကျွန်တော်တို့ သွေး ခွဲဖို့တွေ ကြိုးစားတယ်။ မြောက်ဒဂုံဈေးကိုဖျက်ဆီးပြီး ဒီလိုပါဝင်ရင် ဖျက်ဆီးမယ်ဆိုတဲ့ ကြောက်စိတ်သွင်းတာ ပေါ့။ ကြားရသိရတာတော့ မြောက်ဒဂုံပြည်သူတွေက တော်လှန်ရေးပေါ် အင်မတန်မှ စိတ်ခိုင်တဲ့သူတွေပါ။ လူ ထုပေါ်မှာ ပုံစံမျိုးစုံ စကစက တရားမဝင်တဲ့အမိန့်တွေ၊ လူထုကိုဖိနှိပ်တဲ့ လူထုရဲ့လွတ်လပ်ခွင့် လူထုရဲ့ အသက် ရှင်သန်နိုင်ခွင့်၊ လူထုရဲ့ပစ္စည်းဥစ္စာရှာဖွေပိုင်ဆိုင်နိုင်ခွင့် နေ့စဉ်ကို လူထုကို နှိပ်စက်နေတဲ့ ကိစ္စက ကျွန်တော်တို့ အတွက်တော့ ကြိုးစွာသော စိန်ခေါ်မှုတွေပေါ့။ ဒါတွေကို ကျွန်တော်တို့က လူထုနဲ့အတူ ကျော်လွှားနိုင်ဖို့က ရှေ့ ဆက်ပြင်ဆင်သွားရမယ့် ဆောင်ရွက်သွားရမယ့် သဘောမှာ ရှိပါမယ်ခင်ဗျ။

သံလွင်တိုင်းမ် –  ညီနောင်မဟာသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက် ညခီစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီဘက်က နိုင်ငံအနှံ့နီးပါးမှာ အထိနာနေတာ တွေ့ရပါတယ်။ ဒီအခြေ အနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို သတင်းစကားတွေ ပြောလိုတာ ရှိမလဲ။

ကိုနန်းလင်း – လမ်းမထက်မှာလည်း အရိုးရှင်းဆုံးယုံကြည်တဲ့အတိုင်းပဲ ရန်သူကိုပေါ့ဗျာ။  မြန်မာ့တပ်မတော် သားတွေကို သင်ပြခဲ့တာ။ ရန်သူလို့ ပြောရတာလည်း ပြောရမယ်ဆို  မြန်မာ့တပ်မတော်သားတွေကလည်း ကျွန်တော်တို့ နိုင်ငံသားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့လက်ရှိမှာ စစ်အာဏာရှင် စနစ်ဆိုးတစ်ခုကို တိုက်နေ တာဖြစ်တယ်။ မြန်မာ့တပ်မတော်သား အများစုက မင်းအောင်လှိုင်ရဲ့ အကျိုးစီးပွားနဲ့ သူ့ရဲ့အာဏာလောဘ အတွက် မြန်မာ့တပ်မတော်က လုံးဝအစေခံ၊ ကျွန်သဖွယ် အလုပ်အကျွေးပြုနေရတာ ရှိတယ်။ မြန်မာတပ်မ တော်မှာ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရည်မျှော်ခဲ့တာက  တပ်မတော်ဟာ တိုင်း ပြည်ရဲ့ အစေခံဖြစ်ရမယ်။ တိုင်းပြည်ကို အလုပ်အကျွေးပြုရမယ်ဆိုတဲ့ဟာမျိုး ဒါလမ်းညွန်ခဲ့တယ်။ အခု မင်း အောင်လှိုင်လက်ထက်မှာတော့ ဗမာ့စစ်တပ်ကြီး၊ ဗမာ့တပ်မတော်ကြီးတစ်ခုလုံးက တကယ့်ကို ဆိုးဆိုးဝါးဝါး ပျက်စီးပြီးတော့မှ မင်းအောင်လှိုင်ကို အလုပ်အကျွေးပြုနေရတဲ့ အနေအထားဖြစ်တယ်။ ဒီအနေအထားကို ကျွန်တော်တို့လည်း စိတ်မချမ်းသာဘူး။ ဒါဒီအနေအထားတွေ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့မြန်မာ့ တပ်မတော်သားတွေ တိုင်းပြည်ကိုချစ်တဲ့ တပ်မတော်ကို ကယ်တင်ချင်တယ်ဆိုရင် ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်း ပါဝင်ဖို့ ပြည်သူ့ဘက်က ရပ်တည်ဖို့ အလင်းဝင်ကြဖို့ ကျွန်တော်တို့က ထပ်ပြီးဖိတ်ခေါ်ပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ လက်ရှိနွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာတွေများ တိုက်တွန်းလိုတာရှိမလဲ။

ကိုနန်းလင်း – ကျွန်တော်တို့ ပြည်သူတွေသည် လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းတွေကို မှန်မှန်ကန်ကန် ရှင်းရှင်း လင်းလင်း သူတို့ မြင်ပြီးသားလို့ ကျွန်တော်တို့ယုံတယ်။ ယုံပြီး သူတို့ဘာကိုထောက်ခံရမလဲဆိုတာ သူတို့သိ တယ်။ စစ်ကောင်စီက ဘယ်လိုမျိုး နည်းလမ်းပေါင်းစုံသုံးပြီး လိမ်လည်လှည့်ဖျား ဝါဒဖြန့်နေလဲဆိုတာ သိတယ်။ အာဏာရှင်တွေရဲ့ သဘောက လူထုကိုမညီညွတ်စေချင်ဘူး။ လူထုကြားထဲမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သွေးစည်းညီညွတ်ပြီး သူ့ကိုဆန့်ကျင်မှာ အင်မတန်ကြောက်တယ်။ ဒါကြောင့်လည်း စစ်ကောင်စီအပါအဝင် စစ်အာဏာရှင် အဆက်ဆက်ကလုပ်ခဲ့တဲ့ကိစ္စက ဘာလဲဆိုရင် တစ်ခုခုကို သူတို့ကို ဖိအားများလာပြီ အကျပ် တည်းဆိုက်လာပြီဆိုရင် လူမျိုးရေး၊ဘာသာရေး၊ သွေးခွဲတဲ့ကိစ္စ တောက်လျှောက်လုပ်ခဲ့ကြတယ်။ အခုလည်း ဒီနည်းလမ်းပဲ သုံးနေတာဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လိမ်ညာဝါဒဖြန့်မှုတွေ လူမျိုးရေး၊ဘာသာရေး မှိုင်းတိုက်မှုတွေကို ကျွန်တော်တို့ လူထုက ဉာဏ်ပညာနဲ့ ရှောင်ရှားပြီး ကျွန်တော်တို့ရဲ့ ရန်သူကို မျက်ခြေမြ ပတ်စတမ်း၊ မညှာစတမ်း ပြင်းပြင်းထန်ထန် တိုက်သွားမယ့်အချိန် လူထုအားကို ပြရမယ့်အချိန်။ ဒါကြောင့် ရန်သူကတော့ သွေးခွဲလိမ့်မယ်။ သွေးကြောင်သွားအောင် အကြောက်တရားနဲ့ဖိနှိပ်လိမ့်မယ်။ ဒါတွေအပေါ်မှာ ကျွန်တော်တို့က အာရုံမများပဲ အားနည်းနေပြီဖြစ်တဲ့ ရန်သူကို လုံးဝထွက်ပေါက်မရအောင် ဝိုင်းပြီး ပြည်သူ့ အား နဲ့တိုက်ရမယ့်အချိန် ဒါကြောင့် ကျွန်တော်တို့လမ်းပေါ်မှာ ကြွေးကြော်တာပေါ့။ တိုက်ပွဲမမျှော်နဲ့ တိုက်ပွဲခေါ်ကြ။ တိုက်ပွဲက မျှော်ရမယ့်အချိန်မဟုတ်တော့ဘူး။ တိုက်ပွဲကိုကိုယ်တိုင် ကိုယ်ကျဖန်တီးပြီးတော့ တိုက်ပွဲခေါ်ရမယ် ဆိုတာတော့ ကျွန်တော်ဒီနေရာမှာ လူထုကို အရှင်းလင်းဆုံးသတင်းစကား ပေးလိုပါတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.