ကော့ကရိတ်၊ ဒီဇင်ဘာ ၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ ဒီဇင်ဘာ ၂ ရက်နေ့မှာလည်း တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်တပ်အုပ်ချုပ်ရေးယန္တရားတွေမှာ ပါဝင်နေကြသူတွေအားလုံး မြို့ပေါ်ကနေထွက်ခွာဖို့ KNU ဘက်က အသိပေးထုတ်ပြန်လိုက်ပြီးတဲ့နောက် ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး ကော့ကရိတ်မြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ဒီဇင်ဘာ ၁ ရက်နေ့က တစ်နေကုန်နီးပါးဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရပ်သားပြည်သူနေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေထဲကို နေ့ရောညပါ လေယာဉ်နဲ့အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကြပြီး တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ကော့နွဲစခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကော့ကရိတ်မြို့ကို KNU PDF ပူးပေါင်းအဖွဲ့က ချောင်းမြောင်းပစ်ခတ်တာ၊ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးပဲရှိတယ်လို့ ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းမှာ ပြောဆိုထားပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ မနက်အစောပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီဘက်က ကော့ကရိတ်မြို့ပေါ်ရှိ လူနေရပ်ကွက်တွေထဲကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ဆက်လက်ရှိနေကာ အရေအတွက်အတိအကျ မသိရဘူးလို့ နယ်မြေခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် မြို့တွင်းထဲမှာ အရပ်သားပြည်သူတွေ ပိတ်မိနေတာတွေရှိပြီး အခက်အခဲများစွာကြုံနေရကာ ပိတ်မိနေသူတွေ အကူအညီတောင်းကြတာတွေလည်း ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဟာ ခံစစ်ခိုင်မာအောင် လုပ်ဆောင်ဖို့ဖြစ်နိုင်သလို ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီရဲ့ ၉၇ တပ်ရင်းသိမ်းပိုက် မခံရဖို့အတွက်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ကော့ကရိတ်မြို့တွင်းထဲ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ အရေးပါတဲ့ မြဝတီ-ကော့ကရိတ်အာရှလမ်းမကိုလည်း ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ပိတ်ထားလိုက်ပြီး တိုက်ပွဲအတွင်း ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်တွေနဲ့ ခရီးသွားပြည်သူအများအပြား ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.