ညောင်လေးပင်၊ ဒီဇင်ဘာ ၁

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က KNU တပ်မဟာ ၃ နယ်မြေ မုန်းမြို့ နယ်၊ ကြာအင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသမီး ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် နိုဝင်ဘာ၂၈ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်ကလည်း မုန်းမြို့နယ်၊ ဖြူးမြို့အတွင်းရှိ ဘန်းလောင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

KNU တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တာတွေ၊ လေကြောင်းနဲ့ ပစ်ခတ်တာတွေ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေ မကြာခဏလုပ်ဆောင်ခဲ့တာပါ။

ဒါ့အပြင် ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ ပူးပေါင်းတပ်တို့အ ကြား ထိတွေ့တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ ညောင်လေးပင်ခရိုင်အတွင်းမှာ တိုက်ပွဲနဲ့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော် ရှိတယ်လို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.