မော်လမြိုင်၊ နိုဝင်ဘာ (၃၀)
တစ်နိုင်ငံလုံးအနှံ့နီးပါး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ့စီးပွားရေး တိုးတက်လာဖို့ အလားအလာမရှိတော့သလို အဆိုးဝါးဆုံး စီးပွားရေးကျဆင်းမှုနဲ့ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အောက်တိုဘာနောက်ဆုံးအပတ်က စတင်လိုက်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေကြောင့် တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာ ကျယ်ပြန့်လာခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်လာတာ၊ ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်လာတာအပြင် သွင်း ကုန်နဲ့ပို့ကုန်ကဏ္ဍကလည်း သိသိသာသာ ထိုးကျလာခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၆၀၀ ကျော်၊ သွင်းကုန်ကဏ္ဍမှာ ကန်ဒေါ်လာသန်းပေါင်း ၁၇၃၀၀ ကျော်အထိ ရှိခဲ့တာပါ။
ဒါပေမဲ့ ကုန်သွယ်ရေးကဏ္ဍဟာ တိုက်ပွဲတွေစတင်ခဲ့တဲ့ တစ်လအတွင်း နယ်စပ်ကုန်သွယ်ရေးအားလုံးနီးပါး ရပ်တန့်သွားခဲ့ရပြီး နှစ်ဖက်တပ်တွေရဲ့ ပိတ်ဆို့မှုတွေကြောင့် ကုန်စည်စီးဆင်းမှုတွေပါ အခက်ကြုံနေရပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးကတော့ လက်ရှိတိုက်ပွဲတွေကြောင့် မြန်မာ့စီးပွားရေး တိုးတက်လာဖို့ လမ်းစမမြင်တော့သလို တိုက်ပွဲဧရိယာကျယ်ပြန်လာနဲ့အမျှ စီးပွားရေးထိခိုက်မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“မြန်မာ့စီးပွားရေးကတော့ သိပ်အလားအလာကောင်းတော့မမြင်ဘူး။ သူများနိုင်ငံတွေက ကိုဗစ်က ပြန်ထပြီးတော့ အများကြီးတိုးတက်နေပြီး။ ဥပမာ ခရီးသွားမှာပဲကြည့်ကြည့်၊ ဒီထိုင်းမှာပဲသူတို့က အဓိကထားပြီးတော့ လုပ်နေပြီ။ လူ(၁၀)သန်း အနည်းဆုံးဝင်ရမယ်။ နောက်ကိုယ်တို့နဲ့ မတိမ်းမ ယိမ်း ကမ္ဘောဒီးယားဆိုလို့ရှိရင် ဒီအပိုင်းထဲမှာ လူ(၂)သန်းလောက်ကို သူ့ဆီမှာလာနေပြီ။ ကိုယ်တို့မှာ တစ်နိုင်ငံလုံးလက်ချိုးရေမှ သိန်းဂဏန်းတောင် မပြည့်သေးဘူး။ ဆိုတော့ ဒီအစိုးရအတွက်က တော့ ဖွံ့ဖြိုးမှုအတွက်ကတော့ ဒေသဆိုင်ရာနဲ့ပဲယှဉ်ယှဉ် ကမ္ဘာ့အဖွဲ့နဲ့ပဲယှဉ်ယှဉ် နိမ့်နေအုံးမှာပဲ။ အဓိက ကစီးပွားရေးလုပ်လို့ အဆင်မပြေသေးဘူး။ ပေါ်လစီအရ၊ လုံခြုံရေးအရလည်း အဆင်မပြေသေးဘူး။ အခုကိုယ့်ရဲ့ စားဝတ်နေရေး၊ နေ့စဉ်နေထိုင်မှု အခက်အခဲအတွက် လူတွေလုပ်နေကြတယ်။ အဲဒီထဲကမှ ထွက်လာတဲ့ GDPတွေနဲ့ပဲ ဆက်ပြီးတော့ အသက်ရှင်နေရတဲ့ အခြေအေနတွေ ရှိနေတာပေါ့”လို့ ဆိုပါတယ်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ OECD ရဲ့ ခန့်မှန်းထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ ရာခိုင်နှုန်းသာရှိတဲ့အတွက် အခြားသော အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် အနိမ့်ဆုံးအနေအထားကို ရောက်ရှိလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
OECD က ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေမှာ ပုဂ္ဂလိကဝယ်ယူသုံးစွဲမှု လျော့ကျနေတာကြောင့် GDP တန်ဖိုးကျဆင်းသွားတာလို့ ဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ GDP ဟာ အနှုတ်လက္ခဏာပြခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်း တိုးလာခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်းတိုးဖို့ မျှော်လင့်ထားပြီး ၂၀၂၄ ခုနှစ်ကိုတော့ ချန်လှပ်ထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း မြန်မာ့စီးပွားရေးဟာ လက်ရှိတိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ မူဝါဒအမှားကြောင့် ထပ်ခါထပ်ခါလဲကျနေပြီး နာလန်ပြန်ထူဖို့ ခက်ခဲသွားပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ငါတို့ စီးပွားရေးသမားတွေကလည်း စီးပွားရေးကဘာလုပ်လုပ် မကောင်းတော့ဘူး။ မူဝါဒတွေအကုန်လုံးက ပိတ်တဲ့မူဝါဒတွေဖြစ်ပြီး ဖွင့်တဲ့မူဝါဒ ဘာတစ်ခုမှမရှိဘူး။ စီးပွားရေးသမားတွေ ပြေလည်မှ ဒီလိုလူတွေပြေလည်မှ တိုင်းပြည်ရဲ့ဘဏ္ဍာတွေလည်း အခွန်တွေလည်းရမယ်။ ဒီလူတွေမပြေလည်တဲ့ ကာလပတ်လုံး တိုင်းပြည်ကဘယ်တော့မှ ဘဏ္ဍာရေးအရလည်း မကောင်းဘူး။ ငါတို့လည်း ကျပ်တည်းနေတယ်လေ။ နိုင်ငံကတော်တော်အများကြီး တိုင်းပြည်စီးပွားရေးက နစ်နာနေပြီ။ ဆုတ်ယုတ်သွားတဲ့အဆင့်ကနေ ပျက်တော့မယ်။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်နေရင် ပြိုပြီပဲ။ ဘယ်ကောင်စပြိုမလဲဆိုတာ ချောင်းနေတာ။ ကုမ္ပဏီတစ်ခုပြိုတာနဲ့ ကျန်တဲ့ကုမ္ပဏီတွေရော၊ ဘဏ်တစ်ခုပြိုတာနဲ့ ကျန်တဲ့ဘဏ်တွေ လိုက်လာမယ်။ အဲဒါမျိုးတွေ ဖြစ်နေတာ၊ ဒီအတိုင်းဆက်သွားရင် တိုင်းပြည်က မြန်မာပြည်တောင်မှဘဲ မြေပုံတခြမ်းလောက်က ပျောက်နေတဲ့ဟာ တိုင်းပြည်စီး ပွားရေးက ဘယ်လိုလုပ် နာလန်ထူတော့မှာလဲ။ ပြည်သူတွေ စီးပွားရေးတက်တာဆိုလို့ ဘယ်မှာရှိလဲဆို မြန်မာ့အလင်းနဲ့ ကြေးမုံမှာပဲရှိတယ်”လို့ ဆိုပါတယ်။
နိုင်ငံတဝန်းက တိုက်ပွဲတွေရဲ့ ကယက်ကြောင့် စီးပွားရေးမှာ အဓိကအချက်အချာကျတဲ့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေကို စစ်ကောင်စီဘက်က ကန့်သတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် လုပ်ငန်းရှင်အများစုဟာ ငွေထုတ်ယူဖို့ကအစ အခက်ကြုံနေရပါတယ်။
တဖက်မှာတော့ စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာတာ၊ စက်သုံးဆီနဲ့ ကုန်ကြမ်းပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးအပါအဝင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှု ကြီးမားနေတာပါ။
မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း ငွေကြေးဖောင်းပွနှုန်း တဟုန်ထိုး မြင့်တက်လာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာတော့ ကုမ္ပဏီ ၃၄ ခုထက်မနည်း လုပ်ငန်းရပ်ဆိုင်းတာ၊ ရောင်းချပြီး ထွက်ခွာမှုတွေ ရှိခဲ့ပါတယ်။
သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ ထွက်ခွာသွားတဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော်လောက်ရှိပြီး အခြေခံလူတန်းစားတွေအပေါ် လူမှုစီးပွားရေး သက်ရောက်မှုတွေလည်း ကြီးမားကျယ်ပြန့်နေတယ်လို့ ဆိုထားပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးဟာ လက်ရှိအချိန်အထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့် ထပ်ခါထပ်ခါကျလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ